ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဗိဿနိုးမြို့ဟောင်း
ဗိဿနိုးမြို့ဟောင်းသည် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၏အနောက်ဘက်(၁၀)မိုင်ခန့်အကွာ ကုက္ကိုလ်ခွကျေးရွာအနီးတွင် တည်ရှိသည်။ မြောက်လတ္တီကျူ (20 ံ 0’ 25.024” )နှင့် အရှေ့လောင်ဂျီကျူ (95 ံ22’ 26.619”)တွင် တည်ရှိသည်။ မြို့ဟောင်းသည် တောင်ဘက်တွင် ရန်ပယ်ချောင်း၊ မြောက်ဘက်တွင် စတုံချောင်းနှင့် ယင်းချောင်းတို့ အကြားတွင်ရှိပြီး စိုက်ပျိုးမြေကောင်းမွန်သော ယင်းလွင်ပြင်နှင့် တောင်တွင်းကြီးလွင်ပြင်တို့ကိုအမှီပြုကာ မြို့တည်ဆောက်ထားသည်။ ဗိဿနိုးမြို့ဟောင်း၏ အကျယ် အဝန်းမှာ (၃.၃)စတုရန်းမိုင် ကျယ်ဝန်းပြီး မြို့ရိုး(၃)ဘက်ကို ယခုထိတိုင်တွေ့ရှိနိုင်သည်။ အနောက်ဘက် မြို့ရိုးမှာ တိမ်မြှုပ်ပျောက်ကွယ်လျက်ရှိပြီး ဆက်လက်သုတေသနပြုဆောင်ရွက်လျက်ရှိသည်။ မြို့ဟောင်း၏ တောင်ဘက်မြို့ရိုး အရှည်မှာ (2.7)Km, အရှေ့ဘက်မြို့ရိုးအရှည်မှာ (3.6)Km နှင့် မြောက်ဘက်မြို့ရိုး အရှည်မှာ (2.8)Km အသီးသီးရှိကြသည်။ ဗိဿနိုးမြို့ဟောင်း၏ပုံသဏ္ဍာန်မှာ စတုဂံပုံစံဖြစ်ပြီး အရှေ့ဘက် မြို့ရိုးသည် အနောက်ဘက်သို့ (၁၃) ဒီဂရီ တိမ်းစောင်းနေသည်။ တောင်ဘက်ရှိမြို့ရိုးထောင့်များသည် ပြေပြေဝိုက်ချိုးလျက်ရှိသော်လည်း အရှေ့မြောက်ဘက်မြို့ရိုးထောင့်မှာ တစ်ဆစ်ချိုးပုံစံဖြစ်သည်။ မြောက်ဘက်မြို့ရိုးသည် အရှေ့မှအနောက်သို့တစ်ပြေးညီမဟုတ်ပဲ အလယ်တစ်ဝက်လောက်မှစ၍ အနောက်တောင်ဘက်သို့ အနည်းငယ် စောင်းသွားသည်။ မြို့ရိုး၏ဗျက်အထူမှာ (၇)ပေခန့်ရှိပြီး ( ၁၈ x ၉ x ၃)လက်မ အရွယ်အစားရှိအုတ်များကို အသုံးပြုတည်ဆောက်ထားသည်။ (၃.၃)စတုရန်းမိုင်ကျယ်ဝန်းသော မြို့ရိူး၏အလယ်ခန့်တွင် စတုဂံပုံအုတ်ရိုးဖြင့်တည်ဆောက်ထားသည့် နန်းတော်ရာနေရာရှိသည်။ နန်းတော်ရာစတုဂံပုံအုတ်ရိုးမှာ အုတ်တန်းဖြင့်အလယ်မှကန့်လန့်ဖြတ်ထားပြီး အရှေ့ပိုင်းနှင့်အနောက်ပိုင်း နှစ်ခြမ်းကန့်ထားသည်။ အနောက်ဘက်အခြမ်းတွင် စတုဂံပုံအုတ်ရိုးရှိပြန်၍ ထိုစတုဂံကိုလည်း အရှေ့ အနောက်ထမ်မံကန့်ထားသည့်ပုံသဏ္ဍာန်ဖြစ်သည်။ နန်းတော်ရာအဝန်းအဝိုင်မှာ အရှေ့အနောက်အလျား (1230-ပေ)၊ တောင်မြောက်အလျား (1550-ပေ)ရှိပြီး စုစုပေါင်းဧရိယာ(0.68 )စတုရန်းမိုင်ကျယ်ဝန်းပါသည်။ ဗိဿနိုးမြို့ဟောင်းသည် (၂၂.၆.၂၀၁၄) ခုနှစ်တွင် ကာတာနိုင်ငံ ဒိုဟာမြို့တွင်ကျင်ပသော ကမ္ဘာ့အမွေအနှစ်ညီလာခံ၏ ဆုံးဖြတ်ချက်အမှတ် 38COM 8B.28 (PYU Ancient Cities , Myanmar) အရ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသအဖြစ် သတ်မှတ်နိုင်ခဲ့ပါသည်။ စံသတ်မှတ်ချက် Criteria(ii) (Integrity), Criteria(iii) (Authenticity), Criteria(iv) (Typology) အရ စာရင်းဝင်ဒေသဖြစ်ခဲ့သည်။ ဗိဿနိုးယဉ်ကျေးမှုအမွေအနှစ်ဒေသအား ဇုန်(၂)ဇုန်ဖြင့်သတ်မှတ်ကာကွယ်ထားရှိပြီး ယဉ်ကျေးမှု အမွေအနှစ်များတည်ရှိရာဒေသ (Property Area) ၏ အကျယ်အဝန်းမှာ (1188) ဟက်တာကျယ်ဝန်း၍၊ ကြားခံဒေသ (Buffer Area) ၏ အကျယ်အဝန်းမှာ (၂၈၇၉) ဟက်တာကျယ်ဝန်းပါသည်။ ဗိဿနိုး ယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်းတွင် ကျေးရွာပေါင်း(၁၁)ရွာ ပါဝင်ပါသည်။

ရေဒီယိုကာဗွန်ဓာတ်ခွဲစမ်းသပ်မှု
ဗိဿနိုးမြို့ဟောင်းစတင်ဖြစ်တည်လာပုံကို ရာဇဝင်သမိုင်းများအရ သာသနာသက္ကရာဇ် (၁၀၁)ခုနှစ် (ဘီစီ-၄၄၃)ဟု ရေးသားထားကြသော်လည်း ယခုသိပ္ပံထွန်းကားသောခေတ်တွင် ရှေးဟောင်းပစ္စည်းများကို မည်မျှကြာမြင့်ကြောင်းကို သက္ကရာဇ်တွက်ချက်သော နည်းပညာများပေါ်ပေါက်ခဲ့ရာတွင် မီးလောင်ထား သော မီးသွေးစကို ရေဒီယိုကာဗွန်ဓာတ်ခွဲစမ်းသပ်မှု (Radio Carbon Dating)နည်းဖြင့် သက်တမ်း တွက်ချက်နိုင်ခဲ့ကြသည်။ ထိုနည်းဖြင့် ဗိဿနိုးမြို့ဟောင်းအတွင်းရှိ ကုန်းအမှတ်(၉) အဆောက်အအုံ၏ အစောဆုံး မြေလွှာမှမီးသွေးစကိုလည်းကောင်း၊ ယင်းအထက်မှမီးသွေးစကိုလည်းကောင်း၊ ကုန်းအမှတ် (၁၁)ရှိ မြေလွှာနှစ်ခုမှ မီးသွေးစများကိုလည်းကောင်းစမ်းသပ်ခဲ့ကြသည်။ ထိုသို့စမ်းသပ်စစ်ဆေးရာတွင် နိုင်ငံတကာရက်စွဲသတ်မှတ်ရေးအဖွဲ့အစည်း (5th Radio Dating Conference) မှ ရေဒီယိုကာဗွန်(၁၄) စမ်းသပ်ချက်အရ နှစ်ပေါင်းမည်မျှကြာကြောင်း ခန့်မှန်းတွက်ချက်ရရှိခဲ့ပါသည်။ ယင်းတွက်ချက်မှုအရ ဗိဿနိုးမြို့ဟောင်း၏ ကြာမြင့်ခဲ့သောအချိန်ကာလမှာ အစောဆုံးအနေဖြင့် လွန်ခဲ့သောနှစ်ပေါင်း (၁၉၅၀) (1950-BP) ဟု ဖော်ပြထားသောကြောင့် ယခုအချိန်ထိနှစ်ပေါင်း (၂၀၀၀)ခန့်နီးပါး ကြာမြင့်ခဲ့ကြောင်း သိရှိရ ပါသည်။

တူးဖော်သုတေသနပြုမှု
ဗိဿနိုးမြို့ဟောင်းနှင့်ပတ်သက်ပြီး တူးဖော်သုတေသနပြုလုပ်ငန်းများကို (၁၉၀၅)ခုနှစ်ကစတင်ပြီး မြန်မာနိုင်ငံရှေးဟောင်းသုတေသနဌာန၊ ကျောက်စာဝန် တော်စိန်ခို ကပထမဦးဆုံး စတင်စူးစမ်းလေ့လာမှုများ ပြုခဲ့၍ ကုန်းငယ်(၂)ခုကို စတင်စမ်းသပ်တူးဖော်မှုပြုခဲ့သည်။ ယင်းနောက်တွင် ၁၉၅၉-၆၀ ခုနှစ်မှစတင်ပြီး ဆက်လက်တူးဖော်လေ့လာမှုများပြုခဲ့ကြရာ ၁၉၆၃-ခုနှစ်အထိ ဆရာကြီးဦးအောင်သော်၊ ဦးမြင့်အောင်၊ ဦးဘိုကေ၊ ဦးစိန်မောင်ဦးတို့က အုတ်ကုန်းပေါင်း(၂၅)ကုန်းကို စနစ်တကျတူးဖော်လေ့လာခဲ့ကြပါသည်။ တူးဖော်မှုအုတ်ကုန်းအမှတ်များအနေဖြင့် မြို့ဟောင်းအနီးရှိ ကုက္ကိုလ်ခွကျေးရွာကိုအစွဲပြုကာ ကေကေဂျီ(KKG)ဟု အတိုမှတ်ဖြင့် အမည်ပေးခဲ့သည်။ ယင်းနောက် ၁၉၉၅-ခုနှစ်မှစတင်ကာ ယခင်အသုံးပြုခဲ့သော ကေကေဂျီ(KKG)အစား ဗိဿနိုးမြို့ဟောင်း ဟူသောအသုံးအနှုန်းဖြင့် အစားထိုးကာ ဘီတီအို(BTO)ဟူသောအတိုမှတ်ဖြင့် ၂၀၂၂-ခုနှစ်အထိအုတ်ကုန်းပေါင်း(၄၄)ကုန်းကို တူးဖော်သုတေသနပြု ဆောင်ရွက်ခဲ့ပါသည်။ စုစုပေါင်း အုတ်ကုန်းပေါင်း(၆၉)ကုန်းကို တူးဖော်သုတေသနပြုဆောင်ရွက်ပြီးဖြစ်ပါသည်။ တူးဖော်တွေ့ရှိရသော အဆောက်အဦအမျိုးအစားများမှာ (၁)မြို့ရိုးနှင့်အရန်အတား (၂)မြို့ဝင်ပေါက် (၃)လူနေအဆောက်အဦ (၄)ဘာသာရေးထုံးဓလေ့ဆိုင်ရာအဆောက်အဦ (၅)အထွေထွေ တို့ဖြစ်သည်။

ရွှေရောင်တော်စေတီတော်
ရွှေရောင်တော်စေတီတော်သည် မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ် အနောက်ဘက် ဗိဿနိုးမြို့ဟောင်းအနီးတွင် တည်ရှိပါသည်။ ခရစ်နှစ် ၈၂၉၊ အေဒီ ၉ ရာစု၊ ပျူခေတ်နှောင်း စေတီတစ်ဆူဖြစ်သည်။ ဉာဏ်တော်အမြင့်(၁၂၀)ပေရှိသည်။
ပန်ထွာဘုရင်မ နန်းစံသက်(၂၀)ပြည့်ဖြစ်သော သာသနာ(၁၀၁)ခုနှစ်ရောက်လျှင် ဗိဿနိုး နတ်မင်း၏ တောင်းပန်လျှောက်ထားချက်အရ သိကြားမင်းသည် ရှင်မဟာကဿပနှင့် အဇာတသတ် မင်းတို့ တည်ထားခဲ့သော ကျောက်စေတီအတွင်းမှ (တလက်ဆွမ်း)သော (ဓာတ်တော်)များကို ပေးအပ်လျက် ဘုရားအလောင်း ကြက်ဖြူမင်းဖြစ်စဉ်က ဤနေရာတွင် မြို့ဦးစေတီတည်ရန် ညွှန်ကြားခဲ့ပါသည်။ ဗိဿနိုးနတ်မင်းသည် ဓာတ်တော်များကို ပင့်ဆောင် လာကာ ခမည်းတော်ရသေ့ကြီး၊ ပန်ထွာဘုရင်မတို့နှင့်တိုင်ပင်၍ သာသနာ(၁၀၁)နှစ်အတွင်း ဉာဏ်တော်သံတောင်(၅၀)ခန့်ရှိသော စေတီတော်ကို တည်ထားခဲ့ပါသည်။
စေတီတော်တည်ပြီး၍ ထီးတော်တင်လှူပွဲ၊ စေတီတော် ပူဇော်ပွဲကို ထိုနှစ်တပို့တွဲလပြည့်နေ့တွင် ဆင်ယင်ကျင်းပရာ စေတီတော်မှ ရောင်ခြည်တော်ခြောက်သွယ်တို့သည် ကွန့်မြူးတော်မူသည်ကို ဖူးမြင်ရသော ဗိဿနိုးနတ်မင်း၊ ရသေ့ကြီးနှင့် ပန်ထွာဘုရင်မတို့သည် အံ့ဘနန်း ရွှင်လန်းတက်ကြွ ပီတိ သောမနဿတရားတွေ ဖြစ်ပွားကြလျက် အကြိမ်ကြိမ် ဦးချ ပူဇော်ကြကာ ရွှေရောင်တော်ဘုရား၊ ရွှေရောင်တော်ဘုရားဟု နှုတ်ပါးစပ်က မြွက်ဟထုတ်ဖော် ကျူးရင့်ကြသည်ကိုစွဲ၍ ရွှေရောင်တော် ဘုရားဟု သမုတ်ခေါ်ဝေါ်ကြသည်။
