သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိ ယဉ်ကျေးမှုအမွေအနှစ်များကို ရေရှည်တည်တံ့စေရေး ထိန်းသိမ်းခြင်း၊ ရှာဖွေဖော်ထုတ်ခြင်းစသည့် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ထို့အတူ ယဉ်ကျေးမှုအမွေအနှစ် ရှေးဟောင်းဝတ္ထုပစ္စည်းများကိုလည်း တူးဖော်သုတေသနပြုခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းမှ တွေ့ရှိထိန်းသိမ်းခြင်း၊ လာရောက်လှူဒါန်းမှုများမှ စုဆောင်းထိန်းသိမ်းကာ အမျိုးသားပြတိုက်များ၊ ရှေးဟောင်းသုတေသနပြတိုက်များတွင် ထိန်းသိမ်းပြသခြင်းများ ဆောင်ရွက် လျက်ရှိပါသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံအနှံ့အပြားမှတွေ့ရှိသည့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ပစ္စည်း များကို တာဝန်သိသိလာရောက်အပ်နှံပါက အဆိုပါပစ္စည်း၏ မူလတန်ဖိုးအပြင် အနုစိတ်လက်ရာ တန်ဖိုးနှင့် ရှေးဟောင်းခေတ်ကာလတန်ဖိုးများပါထပ်ဆောင်းလျက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ် ၍လည်းကောင်း လှူဒါန်းလာရောက်မူများကိုလည်း ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် ၍လည်းကောင်း ယဉ်ကျေးမှုတန်ဖိုးမြင့်မားသော ရှေးဟောင်းဝတ္ထုပစ္စည်းများကို စုဆောင်းထိန်းသိမ်း လျက်ရှိကြောင်း တင်ပြအပ်ပါသည်။