
ဗိုလ်ချုပ်ပြတိုက် (သို့မဟုတ်) ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သည် မြန်မာ့လွတ်လပ်ရေးဗိသုကာဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့သော နေအိမ်ကို ပြတိုက်အဖြစ် ခင်းကျင်းပြသထားခြင်းဖြစ်သည်။ အမှတ်(၂၅)၊ ဗိုလ်ချုပ်ပြတိုက်လမ်း(ယခင်တာဝါလိန်းလမ်း)၊ ဗိုလ်ချို(၁)ရပ်ကွက်၊ ဗဟန်းမြို့နယ်တွင် တည်ရှိသည်။ ဘဲဉပုံသဏ္ဍန်မြေကွက်ဖြစ်၍ ခြံဝင်းအကျယ်မှာ (၂.၄၂၃ ဧက) ရှိသည်။ ၁၉၂၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့သော အဆောက်အအုံဖြစ်၍ အနောက်တိုင်းဗိသုကာဟန်ရောနှောတည်ဆောက်ထားသော ၂၀ရာစု ဉရောပပုံစံ ဖြစ်သည်။ နေအိမ်အဆောက်အအုံမှာ ခြံဝင်းအတွင်း၌ရှိသော (၁၈)ပေ မြင့်သည့် ကုန်းပေါ်တွင် တောင်ဘက်သို့ မျက်နှာစာပြုကာ တည်ဆောက်ထားခြင်းဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် မိသားစုနှင့်အတူ ဤအိမ်တွင် ၁၉၄၅ခုနှစ်၊ မေလမှ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ လုပ်ကြံခံရသည့်နေ့အထိ နေထိုင်ခဲ့သည်။ ထိုစဉ်က မူလပိုင်ရှင်ဖြစ်သော တရုတ်လင်မယားနှစ်ဦးထံမှ ငှားရမ်းနေထိုင်ခြင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရပြီးနောက် ၁၉၄၈ ခုနှစ်၊ ဇူလိုင်လ (၈)ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ် ရံပုံငွေမှ ကျခံလျက် ရန်ပုံငွေကြီးကြပ်ထိန်းသိမ်းရေး အမှုဆောင်အဖွဲ့က မူလပိုင်ရှင်တရုတ်လင်မယားထံမှ စာချုပ်စာတမ်းဖြင့် ကျပ်ငွေ(၃သောင်း) ပေးချေကာ အပြီးအပိုင် ဝယ်ယူခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်ပြီးနောက်ပိုင်းတွင် ကျန်ရစ်သူမိသားစု ဆက်လက်နေထိုင်ခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် နေအိမ်ခြံဝင်းအတွင်း အရှေ့တောင်ဘက်ရှိ ရေကန်တွင် သားလတ်ဖြစ်သူ အောင်ဆန်းလင်း ရေနစ်သေဆုံးပြီးနောက် ဤအိမ်တွင် မည်သူမျှ ဆက်လက်နေထိုင်ခြင်း မရှိတော့ပေ။ ၁၉၅၅-၁၉၅၆ ခုနှစ်တွင် ယဉ်ကျေးမှုဗိမာန်ဦးစီးဌာန၏ ပထမဆုံးသော ညွှန်ကြားရေးဝန် ဦးသာမြတ်၊ အမျိုးသားပြတိုက်၊ ပြတိုက်မှူးကြီး ဒေါ်ညွန့်ဟန် နှင့် အကြံပေးအရာရှိ Dr. Niharan Rays တို့သည် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နေအိမ်အား အများပြည်သူ ကြည့်ရှုနိုင်ရေးအတွက် ပြတိုက်အဖြစ် ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြသည်။ ၁၉၅၇ ခုနှစ်၊ စက်တင်ဘာလ(၉)ရက်နေ့တွင် နိုင်ငံတော်အစိုးရက ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည်ထံမှ ပြတိုက်ပစ္စည်းများအဖြစ် ပြသထားရှိရန် ပရိဘောဂပစ္စည်း(၅၃)မျိုးနှင့် အခြားပစ္စည်းများကို စုဆောင်းနိုင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ကို ၁၉၅၀ ခုနှစ်တွင် အောင်ဆန်းမြို့ ပြန်လည်ထူထောင်ရေးတပ်မှ မွမ်းမံပြင်ဆင်ခဲ့သည်။ ၁၉၆၀ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို စတင်ဖွင့်လှစ်ပြသခဲ့သည်။ တော်လှန်ရေးကောင်စီအစိုးရလက်ထက်တွင် ပြတိုက်အဆောက်အအုံနှင့် နေအိမ်တစ်ခုလုံးကို ပြန်လည်ပြုပြင်မွမ်းမံခဲ့သည်။ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့မှ ဇူလိုင်လ (၂၅)ရက်နေ့အထိ (၁၅)မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားနှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို နေ့စဉ် နံနက်(၈)နာရီမှ ညနေ(၅)နာရီအထိ အခမဲ့ဖွင့်လှစ်ပြသခဲ့သည်။
၁၉၉၉ ခုနှစ်၊ နိုဝင်ဘာလ (၇)ရက်နေ့မှစတင်၍ ပြတိုက်ကို အကြီးစားပြင်ဆင်ထိန်းသိမ်းခဲ့သည်။ ပြင်ဆင်ထိန်းသိမ်းမှုလုပ်ငန်း အရပ်ရပ်အတွက် နိုင်ငံတော်က ကျပ်(သိန်း ၃၀၀) ကျခံသုံးစွဲခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် အဆောက်အအုံမှာ မူလက သံကူကွန်ကရစ်မဟုတ်ဘဲ သစ်သားထည်အုတ်ရိုးစီ အဆောက်အအုံသာ ဖြစ်သည်။ အကြီးစားပြင်ဆင်သည့်အခါ မူလလက်ရာမပျက်စေဘဲ လိုအပ်သောနေရာတွင် ကြံ့ခိုင်မှုအတွက် သံကူကွန်ကရစ်များဖြင့် မွမ်းမံထိန်းသိမ်းခဲ့သည်။ ၂၀၀၀ ပြည့်နှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့ အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားနှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။


























