ပုဂံခေတ် 1102-AD ခန့်က ကျန်စစ်သားမင်း မွန်ဘာသာဖြင့် ရေးထိုးထားသော ရွှေစည်းခုံဘုရားကျောက်စာ ဖြစ်သည်။

ဤကျောက်စာသည် ပုဂံရွှေစည်းခုံစေတီတော်ရှိ ကျောက်တိုင်နှစ်တိုင်တွင် ရေးထိုးထားသော ကျောက်စာဖြစ်သည်။ ကျောက်တိုင်တစ်တိုင်စီတွင် လေးမျက်နှာရှိပြီး ကျောက်တိုင်နှစ်တိုင်၏ ရှစ်မျက်နှာလုံးတွင် မွန်ဘာသာဖြင့် ရေးထိုးထားသည့် ကျောက်စာတိုင်များ ဖြစ်ကြသည်။ တောင်ဘက်ကျောက်တိုင်၏ လေးမျက်နှာကို မျက်နှာ (က)၊ (ခ)၊ (ဂ)နှင့် (ဃ) ဟူ၍လည်းကောင်း၊ မြောက်ဘက်ရှိကျောက်တိုင်၏ လေးမျက်နှာကို မျက်နှာ (င)၊ (စ)၊ (ဆ)နှင့် (ဇ) ဟူ၍ အမည်ပေးထားသည်။
တောင်ဘက်ကျောက်စာတိုင်၏ မျက်နှာ(က)တွင် စာကြောင်းရေ (၅၄)ကြောင်းရှိပြီး၊ စာကြောင်းအလျား ၂ ပေ နှင့် ၂ လက်မ ရှိသည်။ မျက်နှာ(ခ)တွင် စာကြောင်းရေ (၅၄)ကြောင်း ရှိပြီး၊ စာကြောင်းအလျား ၁ ပေ နှင့် ၁၀ လက်မခွဲ ရှိသည်။ မျက်နှာ(ဂ)တွင် စာကြောင်းရေ (၅၄)‌ကြောင်းရှိပြီး၊ စာကြောင်းအလျား ၂ ပေနှင့် ၂လက်မ ရှိသည်။ မျက်နှာ(ဃ)တွင် စာကြောင်းရေ (၅၄)ကြောင်းရှိပြီး၊ စာကြောင်းအလျား ၁ ပေနှင့် ၁၀ လက်မခွဲရှိသည်။
မြောက်ဘက်ကျောက်စာတိုင်၏ မျက်နှာ(င)တွင် စာကြောင်းရေ (၄၃)ကြောင်းရှိပြီး၊ စာကြောင်းအလျား ၂ ပေ နှင့် ၂ လက်မရှိသည်။ မျက်နှာ(စ)တွင် စာကြောင်း (၄၃)ကြောင်းရှိပြီး၊ စာကြောင်းအလျား ၂ ပေ ရှိသည်။ မျက်နှာ(ဆ)တွင် စာကြောင်းရေ (၄၃)ကြောင်းရှိပြီး၊ စာကြောင်းအလျား ၂ ပေနှင့် ၂ လက်မရှိသည်။ မျက်နှာ(ဇ)တွင် စာကြောင်း(၄၃)ကြောင်းရှိပြီး၊ စာကြောင်းအလျား ၂ ပေနှင့် ၂ လက်မခွဲရှိသည်။
ဤကျောက်စာ၌ ၐြီတြိဘုဝနာဒိတျဓမ္မရာဇာမည်သော ပုဂံပြည်မင်းကြီး ကျန်စစ်သားသည် ရှေးဘဝများ၌ ဗိဿနိုး ဖြစ်ခဲ့ဘူးကြောင်း၊ သရေခေတ္တရာပြည်ကို တည်ထောင်ခဲ့ကြောင်း တို့ကို ဘုရားဗျာဒိတ်ပေးသော အနေဖြင့် ဖော်ပြထားသည်။

ဤသို့ဖော်ပြအပ်သော အကြောင်းအရာများကို အောက်ပါအတိုင်း တွေ့မြင်နိုင်သည် –
(က) ၁-၁၂ ။ ကျန်စစ်သားမင်းအကြောင်းကို သကျမုနိဘုရားဗျာဒိတ်ပေးကြောင်းပြသော ပါဠိစကားချီးနှင့် မွန်နိသျ။
(က) ၁၂ – ၅၄ ။ ဗျာဒိတ်နှင့် စပ်လျဉ်းသည့် အချက်များကို အာနန္ဒာနှင် ဂဝံပတိအား ပြောကြားခြင်း။ ယင်းအချက်များကို ဂဝံပတိက ဣန္ဒြထံသွားပြန်၍ ဗျာဒိတ်ကို အသေးသိတ်၍ပြ၏။
(စ) ၁၉ – ၂၀ ။ ဣန္ဒြသည် မိမိအား တင်အပ်သောတာဝန်တို့ကို လက်ခံကြောင်းပြန်ကြား၏။
(စ) ၂၈ – (ဆ) ၂၃ ။ ဂဝံပတိသည် ဗိဿနိုးရသေ့ထံသွား၍ ဗျာဒိတ်ကို ပြောကြားကာ ဗျာဒိတ်ပြည့်စုံအောင် ကျင့်ကြံပြုမူတော်မူပါမည့်အကြောင်းတိုက်တွန်းနှိုးဆော်၏။
(ဆ) ၂၃ – ၃၉ ။ ဗိဿနိုးသည်တာဝန်ခံကြောင်းပြန်ကြား၌ ဂဝံပတိထွက်သွား၏။
(ဆ) ၃၉ – (ဇ) ၁၇ ။ ဣန္ဒြသည် ဗိဿနိုးထံသွား၍ ဗျာဒိတ်၏ အဓိပ္ပါယ်ရင်းကို ပြောကြားပြီးလျှင် နာဂမင်းနှင့်အတူတကွ အကူအညီပေးမည်ဟုဝန်ခံ၏။
(ဇ) ၁၇ – ၂၅ ။ ဗိဿနိုးက ဣန္ဒြအား ပြန်ကြား၏။
(ဇ) ၂၅ – ၄၃ ။ နိဂုံးချုပ်စကား။ ဗျာဒိတ်ခံရသောမင်းသည် ယခုမင်းပြုသော မင်းပင်ဖြစ်ကြောင်း လူခပ်သိမ်း သိအပ်သည်။
ထို့ပြင် (ခ) ၂၄ -၂၈ သည် ကျန်စစ်သားနှင့် ငရမန်ကန်း အရေးတော်ပုံကို ညွှန်း၏။

ရွှေစည်းခုံကျောက်စာကို ပုဂံသာရပါတံခါးရှိ ကျောက်တိုင် ၂ ခုတွင် ရေးထိုးထားသေး၏။ ဤမိတ္တူကျောက်စာသည် များစွာ ပျက်စီးသော်လည်း ရွှေစည်းခုံကျောက်စာနှင့် နှိုင်းယှဉ်ရာ၌ လွန်စာအသုံးကျပါသည်။ ဤကဲ့သို့ပင် ရွှေစည်းခုံမွန်ကျောက်စာ မျက်နှာ(ဂ)နှင့် (ဃ) တို့၏ ပျက်စီးသောနေရာများတွင် အချို့သော အက္ခရာများကို မိတ္တူကျောက်စာမှ ရရှိနိုင်ပါသည်။