တူးဖော်မှုကုန်းအမှတ်-၅၃ သည် ဘောဘောကြီးစေတီ၏ အနောက်ဘက်ယွန်းယွန်းတွင် တည်ရှိပြီး  ၂၀၁၁-၂၀၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ဦးနိုင်ဝင်း (ဒုတိယညွှန်ကြားရေးမှူး) ဦးဆောင်သောအဖွဲ့မှ တူးဖော်ခဲ့ပါသည်။ ကုန်းအမှတ်-၅၃ တူးဖော်ရာမှ ထွက်ပေါ်လာသော ပန္နက်ပုံမှာ စတုရန်းပုံ တောင်မြောက်အလျားလိုက် တည်ဆောက်ထားပြီး လေးထောင့် အုတ်ရိုးတန်းပတ်လည် အဆင့်(၃)ဆင့်ပါရှိပြီး အရိုးအိုးများစွာြမှုပ်နှံထားသော အဆောက်အအုံ ကြီး တစ်ခုဖြစ်ပါသည်။ ကုန်းအမှတ်-၅၃မှ တူးဖော်တွေ့ရှိသော ရှေးဟောင်းဝတ္ထုပစ္စည်း များမှာ မြေမီးဖုတ်အုတ်ခွက်(၅)ခု၊ ပုံစံ(၉)မျိုး ကွဲပြားသောအရိုးအိုး (၅၀၀)လုံးခန့်တွေ့ရှိရပြီး အရိုးအိုးများနှင့်အတူ သံမယ်နများမှာ သံမယ်နအမျိုးအစား(၉)မျိုးရှိပြီး အဖြောင့်၊ အကောက်၊ စောက်လက်နက်ပုံထိပ်နှင့် အောက်အသွားပါ ဓားငယ်များကိုလည်း တွေ့ရပါ သည်။ ဗုဒ္ဓသင်းကျစ်ဆံတော်ခွေများ၊ အုတ်ခွက်ဘုရားများကို တွေ့ရခြင်းကြောင့် ဗုဒ္ဓဘာသာ ဝင်အများစု၏ သင်္ချိုင်းဟု ယူဆဖွယ်ဖြစ်ပါသည်။ ကြေးခြူလုံးငယ်လေးများကိုလည်း တွေ့ရှိရ သဖြင့် ထိုခေတ် အနုပညာယဉ်ကျေးမှုအဆင့်ကို ခန့်မှန်းနိုင်ပါသည်။ အိမ်သုံးအိုးလုံးပုံ (Domestic Pottery)များကို အဆောက်အအုံမြောက်ဘက်လှေကားအတက်တွင် တွေ့ရပြီး အ‌ဆောက်အအုံ၏အပေါ်ဘက်တွင် ပုံသဏ္ဌာန်ထူးခြားသောအိုးများကို တွေ့ရှိရသဖြင့် အဆိုပါ အိုးများကို အသုံးပြုခဲ့သော ခေတ်ကာလခြားနားမှုကို လေ့လာသိရှိနိုင်သည်။  အဆောက်အအုံ ၏ အုတ်စီအုတ်နင်းအထောက်အထားများအရ အစောပိုင်းကတစ်ကြိမ် ပြန်လည်ပြင်ဆင် ထားသည်ဟု ယူဆရပါသည်။ ထို့ပြင် လှပသော ကြာပန်း၊ ကြာစွယ်နှင့် ကြာပလ္လင် အိုးလက်ရာ ဓမ္မစကြာလှည်းဘီးနှင့် ဟင်္သာပုံအိုးလက်ရာများသည် သရေခေတ္တရာ ပျူလူမျိုး တို့၏ အနုပညာစိတ်ကူးစိတ်သန်းကို တွေ့မြင်နိုင်စေပါသည်။

ကုန်းအမှတ်-၅၃ အရိုးအိုးများထဲတွင် မီးကျွမ်းပြာစနှင့် အရိုးစများကို တွေ့ရှိရသည်။ ၎င်းအိုးများကို အဆောက်အအုံ၏မြောက်ဘက်မှ စတင်တွေ့ရှိပြီး အပေါ်ပိုင်း အဆောက်အအုံ တစ်ခုလုံးတွင် အဆင့်(၃)ဆင့်ခန့်ဆင့်ကာ အဆောက်အအုံတစ်ခုလုံး ပြည့်လုနီးပါးမြှုပ်နှံထား သည်။ တွေ့ရှိသောအိုးများသည်  တကောင်းမှအိုးများနှင့် ပုံသဏ္ဌာန်တူသော မြေကရွတ်ခံအိုး အချို့ကိုလည်း တွေ့ရှိရပါသည်။ မဲနက်သော မြေအိုးလုံး အမျိုးမျိုး၊ အိုးအဖုံးထိပ်ဖူး၊ ခရေသီးပုံ အဖုံးပါအိုးများလည်း တွေ့ရှိရပါသည်။ တစ်ဖန်ဗုဒ္ဓဘုရား ဆံတော်ခွေပုံ(၂)လက်မခန့် အပေါက်ပါ မြေမီးဖုတ်လက်ရာများကိုလည်း တွေ့ရှိရပါသည်။ မြောက်ဘက်ခြမ်းတွင် အရိုးအိုးအချို့ကို အဆောက်အအုံ အုတ်တန်း၏ အပေါ်တွင် တွေ့ရသည်။

သံထည်ပစ္စည်းများလည်း အရေအတွက်များစွာနှင့် အမျိုးအစားများစွာတွေ့ရှိရသည်။ ထို့ပြင် ကြေးခြူ(၁၃)လုံး၊ ကြေးကွင်းငယ်(၁၅)ကွင်း တွေ့ရှိရပါသည်။ ပျူလူမျိုးတို့သည် သေသူကိုမီးရှို့ပြာချကာ အရိုးပြာများကိုစုဆောင်း၍ အိုးများအတွင်း ထည့်သွင်းမြှုပ်နှံလေ့ရှိ သည်။ တူးဖော်မှုကုန်းအမှတ်-၅၃ သည် သရေခေတ္တရာတွင်နေထိုင်သော ပျူလူမျိုးတို့၏ မြှုပ်နှံသင်္ဂြိုလ်မှုဆိုင်ရာ ယဉ်ကျေးမှုဓလေ့များကို လေ့လာကြည့်ရှုနိုင်ပြီး တန်ဖိုးမဖြတ်နိုင် သော ယဉ်ကျေးမှုအမွေအနှစ်ဖြစ်ပါသည်။

ယခုအခါ ကုန်းအမှတ်-၅၃ တွင် အရိုးအိုးပေါင်း(၅၀၀)ကျော်ကို တွေ့ရှိသည့်နေရာ တွင် တွေ့ရှိသည့်ပုံစံအတိုင်း ပုံသဏ္ဌာန်မပျက် အမိုးအကာပါသော အဆောက်အအုံ ဆောက်လုပ်၍ Site Museum အဖြစ် ထိန်းသိမ်းပြသထားပါသည်။ အရိုးအိုးများအား လက်ဖြင့်ကိုင်တွယ်၍မရစေရန် သံတံတိုင်းဖြင့်ကာရံထားပြီး အရိုးအိုးများကို အပေါ်စီးမှ လေ့လာနိုင်ရန် သံစင်မြင့်ပြုလုပ်ထားပါသည်။ စိတ်ပါဝင်စားသူများ လာရောက်ကြည့်ရှု ခြင်းဖြင့် ပျူလူမျိုးတို့သည် သေသူကိုမြှုပ်နှံသင်္ဂြိုလ်ရာတွင် စနစ်တကျ မြှုပ်နှံသင်္ဂြိုလ်ခဲ့ကြ ကြောင်းနှင့် ပျူတို့၏သင်္ဂြိုလ်မှုဆိုင်ရာ ဓလေ့ထုံးတမ်းများကို စိတ်ချမ်းမြေ့စွာ လေ့လာ ကြည့်ရှုနိုင်ရန် အဆောက်အအုံ၏ပတ်ဝန်းကျင်တွင် စိမ်းလန်းစိုပြေသောမြေယာ ရှုခင်းနှင့် အလှပန်းပင်များ စိုက်ပျိုးထားရှိပြီး ၎င်း Site Museum တွင် လုံခြုံရေးဝန်ထမ်း တစ်ဦးစီကိုလည်း အလှည့်ကျတာဝန်ချထားပေးခြင်းတို့ကို စီမံဆောင်ရွက်ပေးထားပါသည်။

သရေခေတ္တရာမြို့ဟောင်းသို့ လာရောက်လေ့လာသူများအတွက် ပျူခေတ်၏ရိုးရာ ထုံးထမ်းဓလေ့တို့ကို သိရှိနိုင်စေမည့်လေ့လာစရာ ပြကွက်တစ်ခုပင်ဖြစ်ပါ၏။

သရေခေတ္တရာမြို့ဟောင်းအတွင်း ဆက်လက်လေ့လာကြည့်ရှုနိုင်မည့်နေရာများ


ဘုရားမာစေတီ

ဘောဘောကြီးစေတီ

ဘဲဘဲဂူဘုရား

လေးမျက်နှာဂူဘုရား

ဆွေတော်မျိုးတော်များ၏သင်္ချိုင်း

ရဟန္တာရေကန်

ရဟန္တာဂူဘုရား

ရဟန္တာတံခါးမြို့ဝင်ပေါက်

နဂါးတွန့်မြို့ဝင်ပေါက်

နတ်ပေါက်မြို့ဝင်ပေါက်

လုလင်ကျော်မြို့ဝင်ပေါက်

မသီးကျတူးဖော်မှုကုန်း

ဘုရားထောင်

ဘုရားကြီး

အရှေ့ဈေးဂူ ဂူဘုရား

ရွှေနန်းဦးစေတီ

စက်တိုင်စေတီ

ညီးညီးစေတီ

ဆင်ချည်တိုင်စေတီ

ဆူး‌ပုတ်ကုန်း (ခေါ်) ပေါ်တော်မူစေတီ

သရေခေတ္တရာနန်းတော်ရာ

သာယာဝတီမြို့ဝင်ပေါက်

ဦးခင်ဘကုန်း

ဖိုးခေါင်ကန်ကျောက်ချပ်ရုံ

ထူပါရုံကျောက်ချပ်ရုံ

တူးဖော်မှုကုန်းအမှတ်(၈)

သီရိခေတ္တရာရှေးဟောင်းသုတေသနပြတိုက်