
ဆွေတော်မျိုးတော်များ၏သင်္ချိုင်းသည် သရေခေတ္တရာမြို့ဟောင်းအပြင်ဘက်၊ တောင်ဘက်ခြမ်းတွင် တည်ရှိပြီး ၁၉၆၇-၆၈ ခုနှစ်တွင် ဆရာဦးစိန်မောင်ဦးမှ တူးဖော် သုတေသနပြုလုပ်ခဲ့ပါသည်။ ထိုသို့ တူးဖော်သုတေသနပြုရာမှ ကြီးမားသော ကျောက်အရိုးအိုး (၆)လုံးကို တစ်တန်းလျှင်(၂)လုံးစီဖြင့် အရှေ့-အနောက်တန်းလျက် တူးဖော်တွေ့ရှိခဲ့သည်။ ကျောက်အရိုးအိုးများ၏အရွယ်မှာ ပျမ်းမျှအားဖြင့် ပတ်လည်(၂.၄)မီတာနှင့် အမြင့် (၀.၈၄) မီတာရှိသည်။ ဆွေတော်မျိူးတော်များသင်္ချိုင်းရှိ အရိုးအိုးများမှာ ကျောက်ခွေများ ပြုလုပ်ပြီး တစ်ခွေနှင့်တစ်ခွေကြားတွင် လျှာထိုးအံကျများဖြင့် ပြုလုပ်ထားသည်ကို ထူးခြားစွာ တွေ့ရပါ သည်။ ထို့ပြင် ကျောက်အရိုးအိုးများ၏ အပေါ်ဆင့်ဘောင်များတွင် နှုတ်ခမ်းများ ပါရှိသည်။

ပျူလူမျိုးတို့သည် သေဆုံးသူ၏ ရုပ်ကလပ်ကို မီးရှို့ပြာချပြီးနောက် ကျောက်အရိုးအိုး သို့မဟုတ် မြေအရိုးအိုးအတွင်း၌ ထည့်၍မြှုပ်နှံသော အလေ့အထ ရှိပါသည်။ မင်း၊ မိဖုရားနှင့် ဆွေတော်မျိုးတော်တို့၏ ရုပ်ကလပ်ကို မီးရှို့ပြာချပြီး ကျောက်ဖြင့်ပြုလုပ်ထားသော အရိုး အိုးတို့တွင်ထည့်၍ အသုံးအဆောင်အသေးအဖွဲပစ္စည်းများနှင့်တကွ ကျောက်အရိုးအိုး၏ ပတ်လည်တွင် ကမ္ဗည်းစာတမ်းများရေးထိုးပြီး မြှုပ်နှံကြပါသည်။ ကျောက်အရိုးအိုး ထွင်းထု သည့် ကျောက်ဆစ်အတတ်ပညာရပ်တို့ကို လေ့လာနိုင်မည်ဖြစ်ပါသည်။

ပျူလူမျိုးတို့သည် သာမန်လူတန်းစားများ၏ ရုပ်အလောင်းကို မီးရှို့ပြာချပြီး၊ မြေဖြင့် ပြုလုပ်ထားသော အရိုးအိုးတွင်ထည့်၍ သေဆုံးသူ၏အသုံးအဆောင် လက်စွပ်၊ ပုတီးစေ့စသောပစ္စည်းများနှင့်တကွ မြှုပ်နှံလေ့ရှိပါသည်။ မြေအရိုးအိုးတို့မှာ အဖုံးပိတ်ပါသော ဘောင်စောက်အိုးများဖြစ်ကြသည်။ အရိုးအိုးများနှင့်အတူ သံဓား၊ သံချောင်း၊ သံချိတ်စသော ကိရိယာများကိုလည်း တပါတည်း မြှုပ်နှံလေ့ရှိကြပါသည်။
ယခုအခါတွင် အများပြည်သူများ လာရောက်ကြည့်ရှုလေ့လာနိုင်စေရန်အတွက် လေဟာပြင်ပြကွက်အတွင်း အမိုးအကာဆောက်လုပ်၍ ထိန်းသိမ်းပြသထားပါသည်။ ကျောက်အရိုးအိုးများကို လေ့လာကြည့်ရှုသူများ ကိုင်တွယ်မှုမရှိစေရန်အတွက် ကျောက်အရိုးအိုးတစ်လုံးစီကို သစ်သားပွတ်လုံးတိုင်(၄)တိုင်တွင် ကြိုးများကာရံ၍ ပြသထားပါသည်။ ကြည့်ရှုလေ့လာသူများ အဆင်ပြေစေရန်အတွက် ဓာတ်ပုံများနှင့် ရှင်းလင်းချက်စာသားများကို ဗီနိုင်းဘုတ်ဖြင့် ရှင်းလင်းပြသထားပါသည်။



























