ဦးခင်ဘကုန်းသည် သရေခေတ္တရာမြို့ဟောင်းတောင်ဘက်၊ ကုလားကန်ရွာ၏ အနောက်တောင်ဘက်တွင် တည်ရှိသည်။ ဤကုန်းမှာ လေးထောင့်အဆောက်အဦဖြစ်ပြီး အလယ်ဗဟိုမကျတကျတွင် အုတ်စီထားသော ဌာပနာတိုက်ခန်းရှိသည်။ ထိုကုန်းကို ၁၉၂၆-၂၇ ခုနှစ်တွင် စတင်တူးဖော်ခဲ့ပါသည်။ တူးဖော်မှုမှ စေတီပုံပါရှိသော ဌာပနာတိုက်ဖုံး ကျောက်ပြား အ‌ကောင်း(၂)ချပ်နှင့် သုံးပိုင်းကျိုးနေသော ကျောက်ပြား(၁)ချပ်၊ ပိဋကတ်တော် ကောက်နုတ်ချက်များပါသော ရွှေပေလွှာများ၊ ပျူစာရေးထိုးထားသော ငွေဗောဓိပလ္လင်ကြုပ်၊ ရွှေ၊ ငွေ၊ ကြေးဖြင့်ပြုလုပ်ထားသော ဗုဒ္ဓဆင်းတုတော်များ အပါအဝင် ပစ္စည်းစုစုပေါင်း (၆၈)မျိုးနှင့် အရေအတွက်(၅၀၀)ကျော် ရရှိခဲ့ပါသည်။

ခင်ဘကုန်းမှတွေ့ရှိသည့် ဌာပနာတိုက်ဖုံးကျောက်ပြား(၂)ချပ်မှာ ပျူခေတ် အေဒီ (၆)ရာစု ကျောက်ဆစ်လက်ရာဖြစ်ပြီး သဲကျောက်ပြားကြီးပေါ်တွင် ရုပ်ကြွထုလုပ်ထားခြင်း ဖြစ်သည်။ ကျောက်ချပ်ပေါ်ရှိစေတီမှာ မှောက်ထားသောပေါင်းချောင်ပုံသဏ္ဌာန်ရှိပြီး အပေါ် တွင် ဟာမိက(ခေါ်)ဓာတ်တော်တိုက်ပါရှိသည်။ ဓာတ်တော်တိုက်ပေါ်တွင် အရွက်များပါရှိ သော ထီးတော်(ဆတ္ထဝလီ)ကို စိုက်ထူထားသည်။ စေတီတော်အောက်ခြေတွင် မုခ်ပေါက်(၅) ပေါက်ပါရှိပြီး ၄င်းအတွင်းတွင် ဈာနမုဒြာဖြင့် စံပါယ်တော်မူနေသော ဗုဒ္ဓဆင်းတုတော်(၅)ဆူ သီတင်းသုံးလျက်ရှိသည်။ မြန်မာနိုင်ငံတွင်တွေ့ရသော စေတီပုံသဏ္ဌာန်များအနက် ရှေးကျ သည့် စေတီပုံသဏ္ဌာန်ဖြစ်သည်။

ထို့ပြင် ရွှေပေလွှာအချပ်(၂၀)ပေါ်တွင်ရေးသားထားသောအကြောင်းအရာများမှာ ဝိနည်းနှင့်သုတ္တန် ပိဋကတ်တော်မှ ပါဠိတော်ကောက်နုတ်ချက်ရှစ်ခုကို ရွေးချယ်ဖော်ပြထား ပြီး အိန္ဒိယတောင်ပိုင်း၊ ဣသျှဝါကုမင်းဆက်သုံး ဗြဟ္မီအက္ခရာမှ ပြောင်းလဲတီထွင်ထားသော ပျူအက္ခရာများဖြင့် ရေးသားထားသည်ဟု လေ့လာသိရှိရပါသည်။ ပညာရှင်များလေ့လာ တွေ့ရှိချက်အရ အေဒီ(၅)ရာစုအလယ်ပိုင်း လက္ခဏာရှိသည့် အရေးအသားများဖြစ်ပြီး ကမ္ဘာပေါ်တွင် ရှေးအကျဆုံးကျန်ရှိနေသည့် ထေရဝါဒပါဠိပိဋကတ်တော် အထောက်အထား များ ဖြစ်ကြပေသည်။

ယခုအခါ ဦးခင်ဘကုန်းနေရာဝန်းကျင်ကို လူနှင့်တိရစ္ဆာန်များ၏ ဖျက်ဆီးခြင်းမှ ကာကွယ်ရန် ချိန်းလင့်သံဇကာများဖြင့် ကာရံထားပါသည်။ အများပြည်သူများ ဦးခင်ဘကုန်း အထိ အလွယ်တကူ လာရောက်လေ့လာနိုင်စေရန် သရေခေတ္တရာမြို့‌ဟောင်း ဇုန်ပတ်လမ်း ဖောက်လုပ်ထားရှိပါသည်။ ထို့အပြင် သမိုင်းကြောင်းများနှင့် ဓာတ်ပုံများအား ဗီနိုင်းဘုတ်ဖြင့် ရှင်းလင်းပြသထားပါသည်။