မသီးကျကုန်း(ခေါ်) ‌ဂွေးပင်တက်ကုန်းသည် သရေခေတ္တရာမြို့ဟောင်း၏တောင်ဘက် မြို့ရိုး(၃)ထပ်အနက် အလယ်ဗဟိုမြို့ရိုးပေါ်တွင် တည်ရှိပါသည်။ အဆောက်အဦသည် အေဒီ(၅)ရာစုတွင် တည်ဆောက်ခဲ့သော စေတီတော်တစ်ဆူဖြစ်ကြောင်း ပညာရှင်တို့က ခန့်မှန်းကြပါသည်။ မသီးကျကုန်းအား ခင်ဘကုန်းကို တူးဖော်သောနှစ် (၁၉၂၇-၂၈)ခုနှစ်တွင် ကျောက်စာဝန်မစ္စတာချားဒူရွိုင်ဇယ်မှ တူးဖော်ခဲ့ဖူးပါသည်။ တူးဖော်ရာတွင် ကုန်း၏ အလယ် ဗဟိုချက်တည့်တည့်ကို တူးဖော်ခဲ့ခြင်းသာဖြစ်သည်။ မသီးကျကုန်းသည် တောင်မြောက် အလျား(၈၀)၊ အရှေ့အနောက်အနံ(၇၀)ခန့်ရှိပြီး အမြင့်မှာ(၁၀)ခန့် မြင့်သည်ဟု လေ့လာ သိရှိရပါသည်။

ယင်းကုန်းကို ၁၉၆၅-၆၆ ခုနှစ်တွင် ထပ်မံတူးဖော်လေ့လာရာတွင် စတုရန်းပုံစံ အုတ်ပလ္လင်ပေါ်တွင် စက်ဝိုင်းပုံစေတီပေါက်ထားပြီးလျှင် အခြေအုတ်ပလ္လင်မှာ အရပ် လေးမျက်နှာသို့ လှေကားများထုတ်ထားသောပုံစံကို  တူးဖော်တွေ့ရှိရသည်။ အောက်ခံအုတ် ပလ္လင်၏အနားတစ်ဖက်လျှင် (၅၂)ပေခန့်ရှည်သည်။ အမြင့်မှာ(၁၇)ရှိသည်။ လက်တံများ ၏အထူသည် တစ်ခုနှင့်တစ်ခုမတူညီကြောင်း  တွေ့ရှိရသည်။ ဤကဲ့သို့ တစ်ခုနှင့်တစ်ခု မတူညီခြင်းအကြောင်းရင်းမှာ အုတ်များ၏အရွယ်အစားမတူညီမှုကြောင့်ဖြစ်သည်ဟု လေ့လာ သိရှိရပါသည်။  အုတ်ပလ္လင်နံရံနှင့် လှေကားနံရံများတွင် ဗိသုကာအုတ်များဖြင့် ဒေါင်လိုက် တစ်မျိုး၊ အလျားလိုက်တစ်မျိုး၊ ဖောင်းတွန့်၊ ဖောင်းကွက်များဖြင့် တန်ဆာဆင်ထားသည်ကို တွေ့ရှိရပါသည်။ လှေကားလက်တံများသည် အုတ်အဆောက်အဦးပေါ်သို့ ဝင်ရောက်ရန် လမ်းကြောင်းသဖွယ်ဆောက်လုပ်ထားပြီး ၎င်းလက်တံများမှာ အုတ်နံရံကိုကျော်ဖြတ်ကာ အတွင်းဘက်သို့ ဝင်ရောက်လာသောအခါ ပင်မအဆောက်အဦး၏ အုတ်ခုံပေါ်သို့ ရောက် သည်။ မသီးကျကုန်းအဆောက်အဦသည် အရွယ်အစားအားဖြင့် သေးငယ်သော်လည်း မွမ်းမံ ခြယ်လှယ်မှုအပြည့်အဝရှိသည်။ ထူပါ(ခေါ်)စေတီလုံးအမျိုးအစား၌ ပါဝင်၍ တူးဖော်မှု ကုန်းအမှတ်(၅၁)၏ ပန္နက်ပုံစံနှင့် ဆင်တူသည်ကို တွေ့ရှိရပါသည်။ ၎င်းအုတ်ပလ္လင်ပုံစံတွင် တွေ့ရှိရသည့် ဗိသုကာအုတ်ချပ်များကို အခြားပျူမြို့ဟောင်းများဖြစ်သော ဟန်လင်းမြို့ဟောင်း၊ ဗိဿနိုးမြို့ဟောင်း၊ ပင်လယ်မြို့ဟောင်းတို့တွင်လည်း တွေ့ရှိရပါသည်။  ထိုစေတီပန္နက်ပုံများသည် အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း တက္ကသီလာ၊ တောင်ပိုင်းရှိ နာဂါရ်ဇုနကုဏ္ဍမြို့ဟောင်းတို့မှ စေတီပုံများနှင့် တူညီသောကြောင့် ပျူဗုဒ္ဓဘာသာ ထူပါစေတီများသည် ယင်းဒေသများနှင့် ဆက်နွယ်မှုရှိကြောင်း  လေ့လာသိရှိရ ပါသည်။