
ရဟန္တာရေကန်သည် သရေခေတ္တရာမြို့ဟောင်း၏တောင်ဘက်၊ ရဟန္တာမြို့ဝင်ပေါက်နှင့် ရဟန္တာဂူဘုရားအရှေ့ဘက်တွင်တည်ရှိသည့် ကန်တစ်ကန်ဖြစ်ပါသည်။GPSညွှန်းမှတ်အရ အရှေ့လောင်ဂျီကျု (၉၅ဝ ၁၆၊ ၅၁.၃၆။) နှင့် မြောက်လတ္တီတွဒ် (၁၈ဝ ၄၇၊ ၂၇.၀၁။) ကြားတွင် တည်ရှိပါသည်။
ရေကန်သည် တစ်နှစ်ပတ်လုံး ရေရရှိနိုင်သည့် ကန်တစ်ကန်ဖြစ်ပြီး ကန်၏ရေဝင် ဧရိယာမှာ ၃.၅၀ ဟတ်တာ(၈.၆၅ ဧက) ဝန်းကျင်ရှိပါသည်။ မိုးပေါ်မှကျသည့် မိုးရေ များသာမက ကန်၏အရှေ့ဘက်တွင် မြင်ဗာဟုတောင်ကြောပေါ်မှ စီးဆင်းလာသော ရေများကို ဆည်ယူနိုင်သည့် အဓိကအရေးပါသည့် ရေဝင်ပေါက်တစ်ခုလည်းရှိပါသည်။ ရဟန္တာကန်တွင် မြေပေါ်မြေအောက် ရှေးဟောင်းသုတေသနဆိုင်ရာအထောက်အထားများ စွာဖြင့် ဝန်းရံလျက်တည်ရှိနေပါသည်။ အချို့အထောက်အထားများသည် တူးဖော်သုတေသန ဆောင်ရွက်ပြီးဖြစ်သကဲ့သို့ အချို့အထောက်အထားများသည် မြေအောက်တွင် ကျန်ရှိနေပါ သည်။ ထို့အပြင် ပျူခေတ်ကာလကတည်းက ယခုအချိန်အထိ မြေပေါ် အထောက်အထား များအဖြစ် ကျန်ရှိနေသေးသည့် အဆောက်အဦးများကိုလည်း ကန်၏ ပတ်ဝန်းကျင်တွင် မြင်တွေ့နိုင်ပါသေးသည်။ ယနေ့အချိန်အထိ ရဟန္တာကန်ဝန်းကျင်တွင် ရိုးရာစိုက်ပျိုးရေး လုပ်ကိုင်သည့် ဒေသခံတောင်သူများကိုလည်း မြင်တွေ့နိုင်ပါသည်။ ထို့အတွက်ကြောင့် ရဟန္တာကန်သည် ရှေးယခင်အချိန်ကတည်းက ယခုအချိန်အထိ ကန်ကိုအမှီပြု၍ အခြေချ နေထိုင်ခဲ့ကြသဖြင့် ရှေးကျသည့် ကန်တစ်ကန်ဖြစ်ပါသည်။ ထိုအချက်များကိုအခြေခံ၍ သရေခေတ္တရာမြို့ဟောင်းကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် တင်သွင်းသည့်အခါ Archaelogical Part အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ Archaelogical Part အဖြစ် ဆောင်ရွက်ထားသဖြင့် ရဟန္တာရေကန်တွင် ကန်ပတ်လမ်းနှင့်တွဲလျက် နားနေအပန်းဖြေနိုင်ရန် ဒေသထွက်ကုန်ကြမ်းများဖြင့် တည်ဆောက်ထားသည့်ထိုင်ခုံများ၊ ဒေသထွက် ဟင်းသီးဟင်းရွက် အရောင်းဆိုင်များနှင့် ရိုးရာအစားအသောက်ဆိုင်ငယ်များ၊ လမ်းညွှန်ဆိုင်းဘုတ်များ၊ ရှင်းလင်းချက်ဘုတ်များ၊ အများသုံးသန့်စင်ခန်းများ စသည်ဖြင့် ပြည်တွင်း၊ ပြည်ပ ခရီးသွား များအတွက် ဝန်ဆောင်မှု ပေးထားပါသည်။ ထို့အတွက်ကြောင့် ရဟန္တာရေကန်ပြကွက်သည် လည်း သရေခေတ္တရာမြို့ဟောင်းရှိ လေ့လာစရာနေရာများထဲတွင် အရေးပါသည့်ပြကွက် အခင်းအကျင်းနေရာတစ်ခု ဖြစ်ပါသည်။
ရဟန္တာကန်နှင့်ဆက်စပ်နေသည့် ယဉ်ကျေးမှုဆိုင်ရာ အခင်းအကျင်းနေရာများ Cultural Landscape ပျက်စီးဆုံးရှုံးခြင်း မဖြစ်ပေါ်စေရန် ဝန်ကြီးဌာနမှ ဥပဒေများ ထုတ်ပြန် ၍လည်း ကာကွယ်ထိန်းသိမ်းထားပါသည်။ ထို့အပြင် သရေခေတ္တရာ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် သရေခေတ္တရာဌာနစုအနေဖြင့်လည်း ရဟန္တာကန်အပါအဝင် ၎င်းနှင့် ဆက်စပ် နေသည့်နေရာများကိုလည်း ယဉ်ကျေးမှုဆိုင်ရာအခင်းအကျင်းများ၏ မြင်ကွင်းပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် ပုံမှန်စောင့်ကြည့်ရေးလုပ်ငန်းထားရှိပြီး ထိန်းသိမ်းစောင့်ရှောက်လျက် ရှိပါသည်။
ထို့ကြောင့် ရဟန္တာကန်သည် သုတေသနဆိုင်ရာ ကိစ္စရပ်များသာမက ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များအား သုတ၊ ရသများကို ပေးဆောင်နိုင်မည့် နေရာကောင်း တစ်ခုလည်းဖြစ်ပေသည်။



























