လုလင်ကျော်တံခါးပေါက်သည် သရေခေတ္တရာမြို့ဟောင်း၏အနောက်ဘက်၊ အရှေ့ လောင်ဂျီကျု (၉၅ဝ ၁၆၊ ၅၉။) နှင့် မြောက်လတ္တီတွဒ် (၁၈ဝ ၄၈၊ ၉။) ကြားတွင် တည်ရှိသည်။ မြို့ရိုး လက်တံနှစ်ခုသည် အတွင်းဘက်သို့ ခပ်ဝိုက်ဝိုက်ကွေ့ဝင်သွားပြီး မြို့ပေါက်မှာ ထိပ်ဝတွင် ကျယ်၍ အတွင်းဘက်သို့ ကျဉ်းမြောင်းသွားသည်။ လုလင်ကျော်ပေါက်သို့ မရောက်မီကြားတွင် အပေါက်အသေးတစ်ခု တွေ့ရသည်။ ထိုဝင်ပေါက်သေးသည် အုတ်မြို့ရိုး အောက်ရှိမြေတွင် ကွေ့ပတ်ကာဖောက်ထားသည်ကို တွေ့ရသည်။ ထို့ကြောင့် ရေသွင်းပေါက် ဖြစ်နိုင်သည်။ လုလင်ကျော်တံခါးပေါက်သည် အလွန်ကြီးမားပြီး စစ်မက်အန္တရာယ်ကို ကာကွယ်နိုင်ရန် မြို့ရိုး၊ မြို့တာ၊ မြို့ဝင်ပေါက် စသည့် အကာအကွယ်များဖြင့် စနစ်တကျ စီမံထားသည်။ ထူးခြားချက်မှာ မူလမြို့ဝင်ပေါက်၏ရှေ့၌ နောက်ပိုင်းခေတ်တွင် တည်ဆောက် ထားပြီး ကွေ့ဝိုက်နေသောရင်တားကို ဝင်ပေါက်(၃)ပေါက်ကာရံခဲ့ကြောင်း တွေ့ရှိရသည်။ မြို့ဝင်ပေါက် အဝင်အဝအကျယ်သည် (၅၇၊)၊ လက်တံနှစ်ခုကြား အကျယ်သည် (၁၆၊ ၅။) ရှိသည်။ မြောက်ဘက်လက်တံအရှည် (၁၉၇၊)၊ တောင်ဘက်လက်တံအရှည် (၁၇၀၊) ရှိသည်။ ရင်တားသည် မြောက်ဘက်မြို့ရိုးအရင်းမှ တောင်ဘက်မြို့ရိုးအရင်းထိ (၁၄၇၊) ရှိသည်။ လုလင်ကျော်မြို့ဝင်ပေါက်ပုံသဏ္ဌာန်သည် အခြားပျူမြို့ဟောင်းများဖြစ်သော ဟန်လင်းမြို့ ဟောင်း၊ ဗိဿနိုးမြို့ဟောင်းတို့၏ မြို့ဝင်ပေါက်ပုံသဏ္ဌာန်များနှင့် တူညီနေကြောင်း တွေ့ရှိရ ပါသည်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် လုလင်ကျော်မြို့ဝင်ပေါက်(HMA-34)၏ ရှေ့မျက်နှာစာ တွင် HMA-57 အဖြစ် ရေသွင်းရေထုတ်စနစ်ကို သိရှိနိုင်ရန် တူးဖော်သုတေသနပြုခဲ့ပါသည်။ ထိုသို့ တူးဖော်သုတေသနပြုလုပ်ရာမှ အုတ်လွှားအကောင်း(၄၁)လွှားထိ ကျန်ရှိနေပြီး၊ ၎င်းအထက်(၁ဝ)လွှားခန့်မှာ အတော်အသင့်ပျက်စီးနေသည်ကို တူးဖော်တွေ့ရှိရပါသည်။ တူးဖော်သုတေသနပြုလုပ်ရာမှတွေ့ရှိသော အုတ်ရိုးတန်းသည် အနောက်မြောက်ဘက်သို့ (၅)ဒီဂရီ တိမ်းစောင်းနေသည်ကိုလည်း တွေ့ရှိရသည်။
ယခုအခါ လုလင်ကျော်မြို့ဝင်ပေါက် အနီးပတ်ဝန်းကျင်တွင် ဒေသခံများစိုက်ပျိုးထားရှိ သော သီဟိုဠ်ပင်၊ သရက်ပင်များကို တွေ့ရှိရပါသည်။ မြို့ဝင်ပေါက်မျက်နှာစာတွင် သရေခေတ္တရာပျူမြို့ဟောင်း ကမ္ဘာ့အမွေအနှစ်အမှတ်တံဆိပ်ပါ Logo ကျောက်တုံး စိုက်ထူ ထားရှိပြီး လေ့လာစရာနေရာများထဲမှ တစ်ခုပင်ဖြစ်ပါသည်။
