
ရဟန္တာတံခါးပေါက်သည် သရေခေတ္တရာမြို့ဟောင်း၏တောင်ဘက်တွင် တည်ရှိ သည်။ အနောက်ဘက်လက်တံမှာ (၁၀၀)ပေ၊ အရှေ့ဘက် လက်တံမှာ (၈၂)ပေရှိသည်။ အပေါက်ဝအကျယ်(၅၄၊)ဖြစ်ပြီး လက်တံနှစ်ခုကြား လမ်း အကျယ်သည် (၁၀၊) မှ (၂၀၊)အထိ ဖြစ်သည်။ ရဟန္တာတံခါးပေါက် တူးဖော်ရာတွင် တွေ့ရသော မြို့ဝင်ပေါက်လက်တံ တည်ဆောက်ပုံသဘောတရားသည် ပျူခေတ်မြို့ဝင်ပေါက်များ၏ ပုံသဏ္ဌာန်များအတိုင်း လက်တံနှစ်ဖက် တံတောင်ဆစ်ချိုး ကွေ့ဝိုက်ဝင်သော အဝကျယ်၍ အတွင်းဘက်သို့ တဖြည်းဖြည်း ကျဉ်းမြောင်းသွားသည်။ အနောက်ဘက် လက်တံထိပ်တွင် ဝင်ပေါက်ပါ အုတ်ခုံနှစ်ခုဖြင့် သူရဲခိုတစ်ခုကို မြို့လက်တံ၏ ပို့ချမြေလွှာပေါ်တွင် ဆောက်လုပ်ထားသည်။ ရဟန္တာတံခါးမြို့ဝင်ပေါက် ပုံသဏ္ဌာန်သည်လည်း အခြားပျူမြို့ဟောင်းများဖြစ်သော ဟန်လင်း မြို့ဟောင်း၊ ဗိဿနိုးမြို့ဟောင်းတို့၏ မြို့ဝင်ပေါက်များနှင့် တူညီနေကြောင်းတွေ့ရှိရပါသည်။
ရဟန္တာမြို့ဝင်ပေါက်နှင့်အနီးတစ်ဝိုက်တွင် ကန်များ၊ ဂူဘုရား၊ တူးဖော်မှုကုန်းများ များစွာတွေ့ရှိရသည့်အတွက် ပျူခေတ်ကတည်းကပင် လူအသွားအလာများပြီး စည်ကား ခဲ့သော နေရာဖြစ်မည်ဟု ယူဆရပါသည်။



ယခုအခါတွင်လည်း သရေခေတ္တရာမြို့ဟောင်း၏ တောင်ဘက်ခြမ်းရှိ ရှေးဟောင်း အဆောက်အအုံများနှင့် စေတီ၊ ပုထိုးများအား လေ့လာမည်ဆိုလျှင် ဤမြို့ဝင်ပေါက်ကို မဖြစ်မနေ ဖြတ်သန်းပြီးမှသာ သွားရောက်လေ့လာနိုင်မည်ဖြစ်သည့်အတွက် ခရီးသွားများ ဖြင့် စည်ကားလျက်ရှိသော အချက်အချာကျသည့် မြို့ဝင်ပေါက်တစ်ခုဖြစ်ပါသည်။



























