နတ်ပေါက်မြို့ဝင်ပေါက်သည် သရေခေတ္တရာမြို့ဟောင်း၏မြောက်ဘက်တွင် တည်ရှိပြီး ၂၀၀၉-၂၀၁၀ ခုနှစ်တွင် တူးဖော်ခဲ့ပါသည်။ သရေခေတ္တရာမြို့ဟောင်းရှိ မြို့ဝင်ပေါက်၊ မြို့ရိုးလက်တံများသည် (၂)ခုပါရှိသော်လည်း နတ်ပေါက်ရှိ အနောက်ဘက်ခြမ်း မြို့ရိုး လက်တံသည် ယခုမှော်ဇာရွာအတွင်းသို့သွားသော ကားလမ်းအဖြစ် တွေ့ရှိနိုင်ပြီး အရှေ့ဘက် ခြမ်းရှိ မြို့ရိုးလက်တံတစ်ခုသာ ကျန်ရှိနေပါသည်။ ၎င်းသည် တောင်မြောက်တန်းနေပြီး အလျား(၃၀.၆)မီတာ၊ အကျယ်(၁၁.၃)မီတာနှင့် အမြင့်(၄)မီတာရှိသည်။ ၎င်းမြို့ရိုး လက်တံနှင့်ဆက်စပ်နေသောမြို့ရိုးသည် ဗြိတိသျှကိုလိုနီခေတ်တွင် ပြည်-ပေါက်ခေါင်း ကားလမ်းအဖြစ် အသုံးပြုခဲ့ရာ ယနေ့အချိန်အထိဖြစ်သည်။ နတ်ပေါက်မြို့ဝင်ပေါက် သည် ပျူခေတ်လယ် အေဒီ(၄-၇)ရာစုတွင် တည်ဆောက်ခဲ့သည်ဟု ခန့်မှန်းသိရှိရပါသည်။ ပျူတို့၏ မြို့ပြတည်ဆောက်မှု ဗိသုကာပညာ၊ အမှတ်အသားအတွက် အရေးပါသော မြို့ဝင်ပေါက် ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။



























