နန်းတော်ရာသည် သရေခေတ္တရာမြို့ဟောင်း၏ အလယ်ဗဟိုတွင် တည်ရှိပြီး နန်းမြို့ရိုး သည် အလျား(၅၁၈.၁၆)မီတာ၊ အနံ(၃၄၂.၉)မီတာရှိသည်။ (၀.၆၁) မီတာခန့် ကျယ်သော အုတ်မြို့ရိုးတန်းနှစ်ခုကြားတွင် (၃.၆၅၈)မီတာခန့်ကျယ်သော မြေသားကို အုတ်ကျိုး၊ အုတ်ပဲ့များ နှင့်ရော၍ ဝမ်းစာသိပ်ကာ တည်ဆောက်ထားကြောင်း တွေ့ရသည်။ နန်းမြို့ရိုး၏ထုမှာ (၃.၀၄၈)မီတာမှ (၅.၁၈၂)မီတာအထိရှိပြီး နန်းတော်ရာပတ်လည်ကို ကျုံးဖြင့်ဝန်းရံထားသည်။ ပျူမြို့ဟောင်းများ၏ မြို့အင်္ဂါရပ်တွင် အဓိကဖြစ်သော နန်းတော်ရာသည် လေးထောင့်ပုံ ဖြစ်သည်။

နန်းတော်ရာကို (၁၉၆၈-၁၉၆၉)ခုနှစ်မှစတင်၍ တူးဖော်သုတေသနပြုလုပ်ခဲ့ရာ (၂၀၁၀) ခုနှစ်မှ (၂၀၁၂-၂၀၁၃) ခုနှစ်အထိ (၁၄)ကြိမ် တူးဖော်သုတေသနပြုလုပ်ခဲ့ပါသည်။ ယင်းသို့ တူးဖော်သုတေသနပြုမှုများကြောင့် နန်းမြို့ရိုးအရှေ့တောင်ထောင့်ရှိ ကင်းမျှော်စင်၊  နန်းမြို့ရိုး အတွင်းရှိ နန်းတော်ရာပန္နက်ခုံ (သို့) နန်းတော်ရာ၏ အဆောက်အအုံအစုအဝေး၊ အရှေ့ဘက် အပြင်နန်းမြို့ရိုး၊ အတွင်းနန်းမြို့ရိုးများ၊ အရှေ့ဘက်နန်းမြို့ရိုး အလယ် ဝင်ပေါက်၊ နန်းတော်ရာအတွင်း အုတ်ပန္နက်အစိတ်အပိုင်းများကို တွေ့ရှိခဲ့ပါသည်။ တူးဖော်သုတေသနပြု မှုများအရ နန်းတော်ရာတွင်ပါဝင်သော အဆောက်အဦးများသည် အချိန်ကာလ တစ်ခုတည်းတွင် တစ်ပြိုင်တည်း တည်ဆောက်ခဲ့ခြင်းမဟုတ်ဘဲ ပျူခေတ်အဆက်ဆက် တည်ဆောက်ခဲ့ခြင်း ဖြစ်မည်ဟု ယူဆရပါသည်။

သရေခေတ္တရာမြို့ဟောင်းအတွင်းရှိ နန်းမြို့ရိုး၏ အနောက်တောင်ထောင့် ထောင့်ချိုး တစ်ဖက်စီတွင် (၂၀၁၀-၂၀၁၁) ခုနှစ်တွင် တူးဖော်ထိန်းသိမ်းရာမှ မူလကစိုက်ထူ မှတ်သား ထားခဲ့သော သံမယ်န(၃)ချောင်းကို တွေ့ရှိရပါသည်။ အနောက်တောင်ထောင့်၏ အနောက်ဘက် ခြမ်းတွင်လည်း သံမယ်န(၂)ချောင်းကို တစ်နေရာတည်းတွင်တွေ့ရပြီး၊ ၎င်းသံမယ်နများမှာ မတူညီသော အတိမ်အနက်ဖြင့် ပန္နက်တည်ထားသည်။ တောင်ဘက်ခြမ်းရှိ သံမယ်န (၁)ချောင်းမှာ မြေပြင်မှ (၆)လက္မခန့်သာ မြင်တွေ့နိုင်ပါသည်။ သရေခေတ္တရာမြို့ဟောင်းရှိ ပျူခေတ်ဗိသုကာ အဆောက်အဦးများ တည်ဆောက်ရာတွင် ပျူလူမျိုးတို့သည် ယုံကြည်မှု အရသော်လည်းကောင်း၊ မကောင်းဆိုးဝါးတို့၏ ဘေးအန္တရာယ်ကို ကာကွယ်ရန်အတွက်သော် လည်းကောင်း သံမယ်နကြီးများကို စိုက်ထူထားခဲ့ခြင်းဖြစ်မည်ဟု ယူဆကြပါသည်။ ၎င်း သံမယ်နများမှာ  ထောင့်တည့်တည့်မဟုတ်ဘဲ ​ထောင့်၏ဘေးတွင် ရှိနေကာ ပန္နက်ကြိုး ဆွဲသော သံငုတ်များဖြစ်နိုင်မည်ဟုလည်း ဗိသုကာ၊ အင်ဂျင်နီယာ ပညာရှင်များမှ ယူဆကြ သည်။ ထို့ပြင် ရွှေတံခါးမြို့ဝင်ပေါက်ကို တူးဖေါ်သည့်အခါတွင်လည်း သံမယ်နကြီး (၇)ချောင်းကို မြို့ရိုးအုတ်နံရံ၏ အပြင်ဘက်အောက်ခြေ၌ ကပ်လျက်စိုက်ထူထားသည်ကို တွေ့ရှိရပါသည်။ ဤကဲ့သို့ မြို့ရိုး၊ မြို့ဝင်ပေါက်များတွင် သံမယ်နကြီးများ စိုက်ထူသော ဓလေ့ကို သရေခေတ္တရာမြို့ဟောင်းတွင်သာ တွေ့ရှိရပြီး အခြားပျူမြို့ဟောင်းများတွင်မူ မတွေ့ရှိရပေ။ ထို့ကြောင့် သရေခေတ္တရာမြို့ဟောင်းတွင် သံထည်ပစ္စည်းနှင့် လက်နက်ကိရိယာ များကို သက်ဆိုင်ရာ နေရာအသီးသီးတွင် ထုတ်လုပ်အသုံးချခဲ့ရုံမျှမက ယုံကြည်မှုဓလေ့ထုံးစံ အတွက်လည်း အသုံးပြုခဲ့ကြောင်း ယူဆနိုင်ပါသည်။