ဆင်ချည်တိုင်စေတီသည် သရေခေတ္တရာနန်းတော်ရာ၏ အရှေ့မြောက်ထောင့်၊ ဆင်ဖြူကန်အနီးတွင် တည်ရှိပါသည်။ ဆင်ချည်တိုင်ကို ဒေသခံပြည်သူများ၏ ပြောဆို ချက်အရ ဒွတ္တဘောင်မင်းကြီး၏ ဆင်ဖြူတော် ရေချိုးဆင်းသည့်အခါတွင် ဆင်ကို တိုင်တွင် ချည်ထားပြီးမှ ရေချိုးပေးရလေသည်။ ယင်းဆင်အား ချည်သောတိုင်နေရာသည် ယခင်က ကုန်းမို့မို့လေးဖြစ်ပြီး ထိုကုန်းနေရာကိုငုံ၍ စေတီတည်ထားခဲ့သဖြင့် ထိုစေတီကို ဆင်ချည်တိုင်စေတီဟု ခေါ်ဆိုခဲ့ခြင်းဖြစ်ပါသည်။

ဆင်ချည်တိုင်စေတီ၏ ဗိသုကာပန္နက်ပုံစံမှာ (၈)မြှောင့်ပုံစံ (အဌဂံ)ဖြစ်ပြီး အောက်ခြေ မှာ စတုရန်းပုံဖြစ်သည်။ စေတီရံ(၄)ဆူကိုလည်း စတုရန်းပုံအောက်ခြေ ထောင့်တစ်ထောင့်စီ ပေါ်တွင် ထုထည်ဂင်းပိတ်ပုံစံဖြင့် တည်ထားပါသည်။ စေတီအပေါ်ပိုင်းတွင် ဖောင်းရစ်များ အလျှောနှင့်အစောင်း၊ ဖောင်းလုံးများဖြင့် တစ်လှည့်စီ ပြုလုပ်ထားသည်။ ထိုဖောင်းရစ် အပေါ်တွင် ကြာမှောက်၊ ကြာလန်၊ ခါးပတ်ပါရှိသော (၈)မြှောင့်ပုံခေါင်းလောင်း၊ ဖောင်းလုံး များ၊ ငှက်ပြောဖူးတို့ပါရှိသည်။ ဘုရားကို တံတိုင်း လေးဘက်ကာရံထားပြီး အရှေ့ဘက်တွင် ဝင်ပေါက်ထားရှိသည်။