ညီးညီးစေတီသည် သရေခေတ္တရာမြို့ဟောင်း မှော်ဇာကျေးရွာ၊ မှော်ဇာ အ.ထ.က (ခွဲ) ကျောင်း၏ အနောက်တောင်ဘက်တွင် တည်ရှိပါသည်။ ဒွတ္တဘောင်မင်းကြီး တည်ထား ခဲ့သော ဘုရားတစ်ဆူဖြစ်ကြောင်း မှန်နန်းရာဇဝင် ပထမတွဲ(စာမျက်နှာ-၁၇၃) တွင် ဖော်ပြ ထားပါသည်။ စေတီ၏ဉာဏ်တော်အမြင့်မှာ(၃၂)ပေ ဖြစ်သည်။ ညီးညီးစေတီ ပုံစံမှာ ပုဂံ ဒေသရှိ ဆပဒဘုရားပုံစံ (သို့မဟုတ်) သီဟိုဠ်ပုံ လက်ရာစေတီတော်တစ်ဆူ ဖြစ်ပါသည်။ ပစ္စယာ(၃)ဆင့်ပေါ်တွင် ခေါင်းလောင်းများ၊ သပိတ်မှောက်၊ ဟာမိက(ခေါ်) ဓာတ်တော်တိုက် များ ပါရှိပြီး ယင်းအထက်တွင် အထွဋ်စေတီကို တည်ထားခဲ့ပါသည်။