စက်တိုင်စေတီသည် သရေခေတ္တရာမြို့ဟောင်းကို တည်ထောင်ခဲ့သော ဂဝံပတေ့ ရသေ့၊ သိကြား၊ နဂါး၊ ဂဠုန်၊ စန္ဒီ၊ ပရမေသူရာ ခုနှစ်ယောက်အနက် သိကြားမင်းသည် စက်တိုင်ကိုထူ၍ နဂါးကိုစက်ကြိုးပြုလုပ်ပြီး စက်ဝိုင်းပုံရစ်လည်စေသည်။ ထိုစက်တိုင် နေရာသည် သရေခေတ္တရာမြို့ဟောင်း၏ အလယ်ဗဟို ဖြစ်သည်။ ထိုနေရာ၌ စေတီ တည်ထားကိုးကွယ်ခဲ့သဖြင့် စက်တိုင်ဘုရားဟု ခေါ်ထားပါသည်။ စက်တိုင်ဘုရားသည် ဉာဏ်တော်အမြင့် (၃၂)ပေ မြင့်ပါသည်။ စက်တိုင်ဘုရားကို ပစ္စယာ(၃)ဆင့်ပေါ်တွင် ထုထည်ဂင်းပိတ် ရှစ်မြှောင့်ပုံစံ တည်ထားပြီး ဗုဒ္ဓရုပ်ပွားတော်များပါရှိသော မုခ်ကပ်ငယ် ရှစ်ခုဖြင့် စေတီရံနှစ်ဆူပါရှိ၍ လေးထောင့်စပ်စပ် ပန္နက်ခုံပေါ်တွင် တည်ထားပါသည်။ အရံစေတီများကို ဝန်းရံပုံပေါ်ထားပါသည်။ ဘုရားပတ်လည်အား မဟာရံတံတိုင်းဖြင့် ကာရံထားပြီး အရှေ့ဘက်နှင့် အနောက်ဘက်တွင် ဝင်ပေါက်များထားရှိပါသည်။ စက်တိုင် ဘုရား၏ အရှေ့ဘက် တံတိုင်းအပြင်ဘက် တန်ဆောင်းထဲ၌ ထိုင်တော်မူရုပ်ပွားတော် (၃) ဆူ ကိန်းဝပ်စံပါယ်တော်မူနေသည်ကို တွေ့ရှိရပေမည်။ ထို့ပြင် ဒွတ္တဘောင်မင်းကြီး၏ ကောင်းမှုတော် သိမ်(၉)သိမ်အနက်မှ စက်တိုင်သိမ်ကို တွေ့မြင်လေ့လာ နိုင်ပါသည်။