ရွှေနန်းဦးစေတီသည် သရေခေတ္တရာမြို့ဟောင်း အတွင်းနန်းတော်ရာ၏ အရှေ့ မြောက်ထောင့်တွင် တည်ရှိသည်။ နန်းတော်ရာနှင့် အနီးဆုံးနေရာတွင် တည်ရှိ၍ နန်းဦး စေတီဟုခေါ်ဆိုကြောင်း သိရှိရပါသည်။ စေတီတော်မှာ နှစ်ပေါင်းများစွာ ကြာမြင့် ခဲ့ပြီဖြစ်ရာ ရာသီဥတုဒဏ်ကြောင့် ပြိုကြပျက်စီးခဲ့ပြီး မြေကြီးကုန်းသဖွယ်ဖြစ်ရာမှ ပြန်လည်တည်ထား ခဲ့သဖြင့် စေတီပုံစံမှာ(၂၀)ရာစု လက်ရာဖြစ်ကြောင်း ကိုတွေ့ရှိရပါသည်။ စေတီ၏ဉာဏ်တော် မှာ(၃၂)ပေရှိပါသည်။ ဘုရား၏ဗိသုကာ ပန္နက်ပုံမှာ လေးထောင့် ပုံပစ္စယာ(၅)ဆင့်ပေါ်တွင် စေတီပေါက်ထားပြီး ပစ္စယာဆင့်ကို မိုးလျှော၊ မျက်ရစ်၊ လက်ပင့်၊ ဖောင်းပြား၊ ပုံစံပြုလုပ် ထားသည်။ စေတီရံများကိုလည်း ပစ္စယာဒုတိယအဆင့်နှင့် စတုတ္ထဆင့်တို့တွင် လေးဆူစီ တည်ထားပါသည်။ ပစ္စယာများမှာ ကလာသာအိုးပုံစံ ဖြစ်ပါသည်။ ဘုရားအပေါ်ပိုင်းကို လေးထောင့်ပုံစံ ပစ္စယာငါးဆင့်ပေါ်တွင် ဖောင်းလုံးများ၊ ခေါင်းလောင်းပုံ၊ ခါးပါတ်၊ သပိတ်မှောက်၊ ဖောင်းရစ်၊ ကြာမှောက်၊ ကြာလန်၊ ငှက်ပျောဖူးတို့ပါရှိပြီး ထီးတော်လည်း တင်လှူထားပါသည်။ စေတီရံစုစုပေါင်း(၈)ဆူရှိပြီး ထိုစေတီရံများတွင်လည်း ထီးတော်များ တင်လှူထားသည်ကို တွေ့ရပါသည်။
