အရှေ့ဈေးဂူလိုဏ်ဂူဘုရားကို အေဒီ(၇)ရာစုခန့်က တည်ဆောက်ထားသော ဂူဘုရား တစ်ဆူဖြစ်သည်။ သရေခေတ္တရာမြို့ဟောင်းအတွင်းရှိ တောင်လုံးညိုရွာတွင် တည်ရှိပါသည်။ လိုဏ်ဂူဘုရားသည် အလျား(၂၇)ပေ၊ အနံ(၂၄)ပေရှိပြီး၊ ယခင်က ကွမ်းတောင် ပေါက်ဂူဘုရား တစ်ဆူဖြစ်ကြောင်းလေ့လာတွေ့ရှိရပါသည်။ အရှေ့ဈေးဂူဘုရားဗိသုကာ ပုံစံမှာ လေးထောင့် စပ်စပ်ပုံစံဖြစ်ပြီး နံရံအချို့နေရာများတွင် အင်္ဂတေ အုတ်ဇာပြတင်းလက်ရာများကို တွေ့ရသည်။ ယင်းဂူဘုရားကို လေးထောင့်ပုံ တည်ဆောက်ထားသည်။ အမိုးကိုအမိုးခုံးဗိသုကာပုံစံဖြင့် တည်ဆောက်ထားပြီး ဝင်ပေါက်ကို တိုးစီပေါင်းကူး၊ ရောင်ခြည်ဖြာပေါင်းကူးတို့ဖြင့် တည်ဆောက်ထားသည်ကို တွေ့ရသည်။ ယခင်က အဆောက်အအုံအတွင်း၌ ဗုဒ္ဓရုပ်ပွား တော်ပါ ကျောက်ချပ်တစ်ချပ်တည်ရှိပြီး ယခုအခါ သီရိခေတ္တရာပြတိုက်သို့ ပြောင်းရွှေ့၍ ပြသပစ္စည်းအဖြစ် ပြသထားပါသည်။
အရှေ့ဈေးဂူဘုရား၏ အရှေ့ဘက်မျက်နှာ ဝင်ပေါက်ဘေးတစ်ဖက်တစ်ချက်တွင် အုတ်များ အနည်းငယ်ပဲ့ထွက်နေပါသည်။ ဂူဘုရားအတွင်းပိုင်းအား အစိုဓာတ်ကို ထိန်းညှိ ပေးရန် ကျောက်စရစ်များဖြင့် ခင်း၍ထိန်းသိမ်းထားပါသည်။
