ဘုရားထောင်ဘုရားသည် လိုဏ်ပေါက်ဘုရားတစ်ဆူ ဖြစ်ပါသည်။ အေဒီ(၁၇-၁၈) ရာစုခန့် တည်ထားကိုးကွယ်ခဲ့ပါသည်။ ဗိုလ်ခြေတစ်ထောင်တည်ထားခဲ့သည်ဟု ပါးစပ် ရာဇဝင်အရ သိရှိရခဲ့သော်လည်း ယခုအခါ ဂူဘုရားအား ပြန်လည်ထိန်းသိမ်းပြုပြင်ရာတွင် ဗုဒ္ဓဆင်းတုရုပ်ပွားတော်(၁၀၀၀)တစ်ထောင်အား တူးဖော်တွေ့ရှိရသည့်အတွက် ပါးစပ်ရာဇဝင် သည် မှားယွင်းကြောင်းလေ့လာတွေ့ရှိရပါသည်။ ဂူဘုရား၏ အရှေ့ဘက်တွင် ဝင်ပေါက် တစ်ပေါက်ပါရှိပြီး တောင်ဘက်၊ မြောက်ဘက်နှင့် အနောက်ဘက်တို့တွင် ဝင်ပေါက်ငယ် တစ်ခုစီပါရှိသည်။ လွန်ခဲ့သော နှစ်(၅၀)ခန့်က ဆရာတော် ဦးကေသရနှင့် ဒါယိကာ၊ ဒါယိကာမ များမှ ဘုရားထောင်ဂူဘုရားအတွင်း မြေဖို့၍ အရှေ့ဘက်ဝင်ပေါက်နှင့် အခြားအရပ်မျက်နှာရှိ ရောင်လင်းပေါက်များအား အသေပိတ်ဆို့ခဲ့ကြပါသည်။  ဘုရား၏အနား တစ်ဘက်လျှင် (၃၈)ပေ ရှိပြီး ဉာဏ်တော်မှာ (၃၂)ပေခန့်ရှိပါသည်။ ဘုရားထောင်ဂူဘုရား၏ ဗိသုကာပုံစံမှာ လေးထောင့် စပ်စပ် ကုလားကျောင်းခံ လိုဏ်ဘုရားအား တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ လိုဏ်ပေါ်တွင် ကွမ်းတောင်သုံးဆင့်တည်ထားပြီး မြောက်ဘက်တွင် စေတီရံ(၃)ဆူပါရှိ ပါသည်။ ဝင်ပေါက်များကို တိုးစီပေါင်းကူး၊ ရောင်ခြည်ဖြာပေါင်းကူးများဖြင့် ပြုလုပ်ထား ပါသည်။

ယခုအခါ ဘုရားထောင်စေတီ၏ မြောက်ဘက်ခြမ်းသည် အုတ်များအပြင်ဘက်သို့ ဖောင်းထွက်နေသည့်အတွက် သစ်သားဒေါက်တိုင်များဖြင့် ကျားကန်ထိန်းသိမ်းကာကွယ် ထားရပါသည်။ ယခုလက်ရှိအခြေအနေတွင် ဘုရားထောင်ဘုရားမှာ ကြံ့ခိုင်မှုအားနည်းနေ သဖြင့် စေတီတော်အပေါ်ပိုင်းအား ပလပ်စတစ်ဖြင့် ယာယီအုပ်မိုး၍ ထိန်းသိမ်းထားသည်ကို တွေ့မြင်နိုင်ပါသည်။ ဘုရားထောင်ဂူဘုရား၏ မြောက်ဘက်နံရံအုတ်များ ဖောင်းထွက်နေသည့် အခြေအနေအား ထိန်းသိမ်းရန် ဂူဘုရား၏ အထက်အလေးဝန်အား ဌာနအတွင်း/အပြင်ရှိ ဗိသုကာအင်ဂျင်နီယာတို့၏ အကူအညီဖြင့် လျှော့ချခဲ့ကြသည်။ ထိုသို့လျှော့ချရာမှ ဂူဘုရား အတွင်း စတုဂံပုံမဏ္ဍိုင်နှင့် အတွင်းနံရံလေးဘက်စလုံးတွင် မုခ်ကပ်များ၊ ဗုဒ္ဓဆင်းတုနှင့် အုတ်ခွက်၊ မံဘုရားများအား ထပ်မံတူးဖော်တွေ့ရှိလာရပါသည်။ ထို့ကြောင့် ဂူဘုရား အထက်ပိုင်းမဏ္ဍိုင်နှင့် နံရံအားတွဲဆက်ထားသော မုခ်ခုံးများရှိခဲ့ပြီး အဆိုပါမုခ်ခုံးများအား ဖြိုချခဲ့ရသည်။ ထိုသို့ ဖြိုချခြင်းနှင့်အတူ လက်ရှိမြေပြင်မှတဖန် ကြမ်းခင်းစနစ်ကို စမ်းသပ် ကျင်း(၃)ကျင်းဖြင့် သရေခေတ္တရာဌာနစု၊ သုတေသနဌာနစိတ်မှ တူးဖော်သုတေသနပြုခဲ့ကြ သည်။ လက်ရှိဂူဘုရားအတွင်းရှိ မြေပြင်မှ (၆၇) စင်တီမီတာအနက်တွင် ဂူဘုရား၏ကြမ်းခင်း အား တူးဖော်တွေ့ရှိရပါသည်။ ဂူဘုရားတွင် ရောင်လင်းပေါက်(၃)ခုပါရှိပြီး မြောက်ဘက်နံရံရှိ ရောင်လင်းပေါက်မှာ အုတ်များဆွေးမြေ့နေခြင်းကြောင့် တူးဖော်မှုမပြုလုပ်ရသေးပေ။ ဂူ ဘုရား၏တောင်ဘက် အပြင်နံရံ၏ ပန္နက်အား တူးဖော်ရာတွင် ဖိနပ်ဖောင်းရစ်အား လက်ရှိ မြေပြင်မှ (၁၆)စင်တီမီတာအနက်တွင်  တောင်ဘက်သို့ စောင်းလျက်အနေအထားဖြင့် တူးဖော်တွေ့ရှိရပါသည်။