ဘုရားကြီးစေတီသည် အေဒီ(၆-၇)ရာစုတွင်တည်ထားသည့် သရေခေတ္တရာမြို့ဟောင်း ၏ အနောက်မြောက်ဘက်၊ ပြည်-အောင်လံကားလမ်း လက်ယာဘက် ဘေးကပ်လျက်တွင် ရှိပြီး ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲ၊ သရေခေတ္တရာဌာနစုရုံးနှင့် ဆည်မြောင်းဌာနကြားတွင် တည်ရှိသည့် စေတီတော်ကြီးတစ်ဆူဖြစ်ပါသည်။ ဖြေးဖြေးဆေးဆေးတည်ထားခဲ့သဖြင့် “ဆေးဆေး” ဘုရားဟု ဘွဲ့အမည်တွင်ခဲ့ပါသည်။ အေဒီ(၆-၇)ရာစုတွင် ဒွတ္တဘောင်မင်းကြီးမှ တည်ထားခဲ့သော စေတီတော်ဖြစ်ပြီး ဉာဏ်တော်အမြင့် (၁၃၉)ပေမြင့်ကြောင်း လေ့လာသိရှိရပါသည်။ စေတီတော်ကြီး၏ ဗိသုကာပုံစံမှာ ကန်တော့ပုံစံစေတီတော်ကြီး ဖြစ်ပြီး ပစ္စယာ(၄)ဆင့် ရှိပါသည်။ အုတ်ဖြင့် တည်ဆောက်ထားသောစေတီ အမျိုးအစား ဖြစ်သည်။ စေတီပစ္စယံ ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်မှာ (၁၆)မြှောင့်ပုံစံ ဖြစ်ပြီး ပစ္စယံစတုတ္ထအဆင့်မှာ စက်ဝိုင်းပုံဖြစ်ပါသည်။ စေတီလုံး၏အပေါ်တွင် ခရေသီး ပါရှိ၍ ထီးတော်တင်ထားသည်။ စေတီတော်ကြီးကို ထုထည်ဂင်းပိတ်ပုံစံဖြင့် အဆင်တန်ဆာ ပါဝင်ခြင်းမရှိဘဲ ရိုးရိုးရှင်းရှင်းတည်ဆောက်ထားသည်။ ပစ္စယံဆင့်အမြင့်တိုင်းတွင် မှန်ကူကွက် ပုံသဏ္ဌာန်ဖော်ထားပြီး စေတီတော်ကြီး၏အနောက်ဘက်တွင် စတုတ္ထပစ္စယံထိ တက်သွားနိုင် သော နတ်လမ်းလှေကား ပြုလုပ်ထားသည်။

ယခုအခါတွင် ဘုရားကြီးစေတီအား အုတ်တံတိုင်းဖြင့် ကာရံထားပြီး ဘုရားဝိတ္တက နယ်မြေအတွင်း၌ ဒွတ္တဘောင်ဓမ္မာရုံ၊ ဘုန်းတော်ကြီးကျောင်း၊ ပျူခေတ် ဝိကြမမင်းဆက် သင်္ချိုင်းတို့ရှိပါသည်။ အနီးပတ်ဝန်းကျင်တွင် ကျွန်းပင်၊ ခရေပင်၊ တရုတ်စကားပင်နှင့် အခြားပန်းအလှပင်များ စိုက်ပျိုးထားသည်ကို တွေ့မြင်နိုင်ပါသည်။ နေ့ဘက်တွင် သဘာဝ အလင်းရောင်နှင့် မြင်တွေ့နိုင်ပြီး ညဘက်တွင် လျပ်စစ်မီးအလင်းရောင်တို့ဖြင့် ဖူးတွေ့နိုင်ပါ သည်။ ဤစေတီနှင့်ပတ်သက်သည့် သမိုင်းဆိုင်ရာရှင်းလင်းချင်စာသားများကို ဗီနိုင်းဘုတ်ဖြင့် ဖော်ပြထားပါသည်။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်သော ရှေးဟောင်းဘုရားတစ်ဆူဖြစ်သည့် အပြင် ပြည်မြို့၏ လူစည်ကားရာနေရာတွင် တည်ရှိနေသောကြောင့် နေ့ရောညပါ ဘုရားဖူး ဧည့်သည်များဖြင့် စည်းကားလျက်ရှိသော ဘုရားတစ်ဆူလည်း ဖြစ်ပါသည်။