ဘောဘောကြီးစေတီ

ဘောဘောကြီးစေတီသည် သရေခေတ္တရာမြို့ဟောင်း၏ အနောက်တောင်ဘက်တွင် တည်ရှိပြီး ဒွတ္တဘောင်မင်းကြီးတည်ထားသော စေတီကြီးတစ်ဆူဖြစ်ပါသည်။ ဘောဘောကြီး စေတီကို အေဒီ(၆-၇)ရာစုတွင်တည်ထားခဲ့ပြီး ဘုရားရှင်၏ သင်းကျစ်တော်နှင့်တကွ ဓာတ်တော်မွေတော်များ ဌာပနာထား၍ တည်ထားကိုးကွယ်ခဲ့ပြီး ဉာဏ်တော်အမြင့်မှာ (၁၅၃)ပေနှင့် လုံးပတ်တော် (၂၄၀)ပေ ဖြစ်ပါသည်။

ဘောဘောကြီးစေတီ၏ ဗိသုကာပုံစံမှာ ဆဌဂံပုံစံ ပစ္စယံ(၅)ဆင့် အဝိုင်းပုံစံပေါ်တွင် ထုလုံးရှည် ဆလင်ဒါပုံစံတည်ဆောက်ထားသော အုတ်စေတီအမျိုးအစားဖြစ်သည်။ စေတီ ထိပ်ပိုင်း အခုံးပေါ်တွင် ထီးတော်တင်ထားပါသည်။ ပစ္စယံပထမအဆင့်နှင့် ဒုတိယအဆင့်မှာ (၁၆)မြှောင့်ပုံစံဖြစ်ပြီး စတုတ္ထအဆင့်နှင့်ပဉ္စမအဆင့်မှာ စက်ဝိုင်းပုံစံဖြစ်ပြီး စတုတ္ထအဆင့်တွင် မှန်ကူကွက်ပုံစံ တည်ဆောက်ထားသည်။ ပစ္စယံတတိယအဆင့်အထိ တက်သွားနိုင်သည့် နတ်လမ်းလှေကားကို တောင်ဘက်နှင့်မြောက်ဘက်တွင် တပ်ဆင်ထားပါသည်။ ဘောဘော ကြီး စေတီ၏မူလပုံစံမှာ အတွင်းတွင် လိုဏ်ပါရှိပြီး ယခုအခါတွင် စေတီတော်၏ ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် ထိုလိုဏ်ပေါက်အား ဝမ်းစာဖြည့်၍ ပိတ်ထားခြင်းကြောင့် ဝင်ရောက်မဖူးမြော်နိုင်တော့ပေ။ ဤစေတီသည် အိန္ဒိယနိုင်ငံ၊ ဆာရ်နတ်အရပ်ရှိ ဓမ္မိတ် စေတီနှင့်လည်းကောင်း၊ ပုဂံမြို့ရှိ ငကျွဲနားဋောင်းစေတီတို့နှင့် ဆင်တူသည်။ ဘောဘောကြီး စေတီကို လေ့လာကြည့်လျှင် မျက်မှောက်ခေတ် စေတီလုံးများကဲ့သို့ ခေါင်းလောင်း၊ ဖောင်းရစ်၊ ကြာမှောက်၊ ကြာလန်၊ ရွဲလုံးတန်းစသော အနုစိပ်မွမ်းမံမှုများ မရှိကြောင်း တွေ့နိုင်သည်။

ဘောဘောကြီးစေတီပုံဟောင်း

ဘောဘောကြီးစေတီသည် ထုထည်ကြီးမားသည့်အတွက်ကြောင့် တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်း၍မရသည့် (Inmovable Cultural Properties) ယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်ပြီး သရေခေတ္တရာယဉ်ကျေးမှုဇုန်အတွင်း လေဟာပြင်ပြကွက်အနေဖြင့် လေ့လာနိုင်ပါသည်။ ဘောဘောကြီးစေတီအား လေ့လာခြင်းအားဖြင့် ပျူခေတ်တွင် ဗိသုကာလက်ရာ အထွတ်အထိပ်သို့ရောက်ရှိခဲ့ပြီးဖြစ်ကြောင်းနှင့် ပျူတို့၏ကိုးကွယ်ယုံကြည် မှု၊ ဘာသာတရားကိုင်းရှိုင်းမှုနှင့် ပျူတို့၏  ကုန်ထုတ်လုပ်မှုတို့ကိုပါ လေ့လာသိရှိနိုင်မည် ဖြစ်ပါသည်။

ဘောဘောကြီးစေတီ ပုရဝုဏ်အတွင်း၌ ဘောဘောကြီးဘုရား၏ နောက်ခံသမိုင်း ကြောင်းအား ဗီနိုင်းဘုတ်ဖြင့် ရှင်းလင်းပြသထားပြီး သရေခေတ္တရာမြို့ဟောင်း တည်နေရာပြ လမ်းညွှန်မြေပုံကိုလည်း ပြသထားပါသည်။ ဘုရားပုရဝုဏ်အတွင်း စင်္ကြံပတ်လမ်း တစ်လျှောက် အလှပန်းပင်များ စိုက်ပျိုးထားပြီး ကမ္ဘာ့အမွေအနှစ် Logo တံဆိပ်ကိုလည်း အလှပန်းပင်များဖြင့် ပုံဖော်ထားကာ စိမ်းလန်းသာယာသော မြက်ခင်းပြင်ကိုလည်း စိုက်ပျိုးထားရှိပါသည်။ လာရောက်လေ့လာသူများ အနားယူ၊ အပန်းဖြေစရာ ဇရပ် တစ်ဆောင်ကို ဆောက်လုပ်ထားရှိခြင်း၊ ရပ်ဝေးမှ လာရောက်လေ့လာသူများအား သန့်ရှင်း လတ်ဆတ်သော ဒေသထွက် Organic အသီးအနှံများ ရောင်းချပေးခြင်း၊  သရေခေတ္တရာ မြို့ဟောင်းရောက် အမှတ်တရလက်ဆောင်ပစ္စည်းများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ ပေးခြင်း၊ သရေခေတ္တရာမြို့ဟောင်း သမိုင်းဆိုင်ရာအချက်အလက်များ ရေးသားထားသော စာအုပ်များကိုလည်း ရောင်းချပေးခြင်း စသဖြင့် လာရောက်လေ့လာသူများ၊ ဘုရားဖူး ပြည်သူများအနေနှင့် စိတ်ရွှင်လန်းပြီး မျက်စိပသာဒဖြစ်စေသည့် မြေယာရှုခင်းရှုကွက်များဖြင့် စွဲဆောင်လျက်ရှိရာ ဘုရားဖူးလာရောက်လေ့လာသူများဖြင့် စည်ကားများပြားလျက်ရှိပါသည်။

သရေခေတ္တရာမြို့ဟောင်းအတွင်း ဆက်လက်လေ့လာကြည့်ရှုနိုင်မည့်နေရာများ


ဘုရားမာစေတီ

ဘဲဘဲဂူဘုရား

လေးမျက်နှာဂူဘုရား

ဆွေတော်မျိုးတော်များ၏သင်္ချိုင်း

တူးဖော်မှုကုန်းအမှတ်(၅၃)

ရဟန္တာရေကန်

ရဟန္တာဂူဘုရား

ရဟန္တာတံခါးမြို့ဝင်ပေါက်

နဂါးတွန့်မြို့ဝင်ပေါက်

နတ်ပေါက်မြို့ဝင်ပေါက်

လုလင်ကျော်မြို့ဝင်ပေါက်

မသီးကျတူးဖော်မှုကုန်း

ဘုရားထောင်

ဘုရားကြီး

အရှေ့ဈေးဂူ ဂူဘုရား

ရွှေနန်းဦးစေတီ

စက်တိုင်စေတီ

ညီးညီးစေတီ

ဆင်ချည်တိုင်စေတီ

ဆူး‌ပုတ်ကုန်း (ခေါ်) ပေါ်တော်မူစေတီ

သရေခေတ္တရာနန်းတော်ရာ

သာယာဝတီမြို့ဝင်ပေါက်

ဦးခင်ဘကုန်း

ဖိုးခေါင်ကန်ကျောက်ချပ်ရုံ

ထူပါရုံကျောက်ချပ်ရုံ

တူးဖော်မှုကုန်းအမှတ်(၈)

သီရိခေတ္တရာရှေးဟောင်းသုတေသနပြတိုက်