
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယ ဝန်ကြီးဒေါ်နုမြဇံ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ၅-၅-၂၀၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် မစိုးရိမ်ကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညို၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရှေးဟောင်းအဆောက်အအုံများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပါသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၅-၅-၂၀၂၅ ရက်နေ့၊ နံနက် ၀၉:၁၅ အချိန်တွင် မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်သို့ရောက်ရှိပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ဘဒ္ဒန္တဝါသေဌာဘိဝံသထံ ဖူးမြော်ကြည်ညို ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ငလျင်ဘေးဒဏ်ကြောင့် ဘုရားစေတီနှင့် ဘုန်းတော်ကြီးကျောင်း များစွာ ပျက်စီးခဲ့ပါကြောင်း၊ မိမိအနေဖြင့် ပျက်စီးမှုစာရင်းများကို စနစ်တကျကောက်ယူ၍ ပြန်လည် တည်ဆောက်ပြုပြင်နိုင်ရေး အလှူရှင်များနှင့်ဆက်သွယ်၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ စေတီပုထိုးများ၊ ကျောင်းများတည်ဆောက်သည့်အခါ ငလျင်ဒဏ်ခံအဆောက်အဦများကိုသာ ပြန်လည်ဆောက်လုပ်သွားစေမည်ဖြစ်ပါကြောင်း၊ ဘုရား၊ စေတီ၊ ပုထိုးများကိုလည်း ထေရဝါဒနှင့် အညီသာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း လျှောက်ထားခဲ့ရာ ဆရာတော်ကြီးက ယခုကဲသို့ ဆောင်ရွက်နေသည်ကို တွေ့မြင်ရသဖြင့် သာဓုခေါ်ဆိုပါကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်နေခြင်းသည် သာသနာပြုနေခြင်းပင် ဖြစ်ပါကြောင်း၊ စေတီပြင်ဆင်ရာတွင် ဌာပနာများကို စနစ်တကျ စာရင်း ကောက်ယူဆောင်ရွက်ရန်နှင့် လိုအပ်လျှင် ဓာတ်ပေါင်းစုစေတီတော်အဖြစ် တည်ထား၍ရကြောင်း၊ ဘုရားရှင်ကိုယ်တော်တိုင် အရှင်ကောဏ္ဍည မထေရ်မြတ်၏အရိုးဓာတ်တော်ကို စေတီတည်ခဲ့ကြောင်း၊ ကောင်းမှုတော်စေတီသည် ဘုရားရှင်ချမှတ်သည့် စည်းကမ်းနှင့်ညီညွတ်ကြောင်း စသည်ဖြင့် ပြန်လည်မိန့်ကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လှူဖွယ်ဝတ္ထုများနှင့် ကျောင်းတိုက်အတွက် လိုအပ်သည့်နေရာတွင် အသုံးပြုရန် နဝကမ္မ အလှူငွေများ လှူဒါန်းခဲ့ကာ မစိုးရိမ်တိုက်သစ်မှ ပြန်လည်ထွက်ခွာခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မဟာမုနိဘုရားသို့ရောက်ရှိပြီး ငလျင်ဒဏ် ကြောင့် ပြိုပျက်သွားသည့် အဆောက်အအုံများ ရှင်းလင်းရာတွင် သဲ၊ ခဲ ရှင်းလင်းပြီး မုခ်များ
ကြံ့ခိုင်ရေးလုပ်ငန်း ဆောင်ရွက်နေသည်များကို ကြည့်ရှုစစ်ဆေးပြီး ဘုရားကြီး၏အဝင် အရှေ့မုခ် များ၏ တိုင်တစ်တိုင်နှင့်တစ်တိုင်အကြားတွင် အုတ်ခဲများ ပြုတ်မကျစေရန် သံပြားခုံးများဖြင့် ဆောင်ရွက်နေခြင်းအား အောက်ခံဒေါက်(ထောက်)နှင့်တကွ စနစ်တကျဆောင်ရွက်ရန်၊ ဆင်းတု တော်ကြီး၏ မျက်နှာကြက်အပေါ်ထပ်သို့ တက်ရောက်ကြည့်ရှုစစ်ဆေးရာတွင် မူလဘိုးတော် ဗဒုံမင်း၏ ဂန္ဓကုဋီတိုက်မှာ ပျက်စီးခြင်းမရှိသော်လည်း အလယ်ပစ္စယံတွင် ကွဲအက်မှုများ ရှိနေသဖြင့် ၎င်းအား ကျွမ်းကျင်အင်ဂျင်နီယာအဖွဲ့ထံ အကြံဉာဏ်ရယူပြီး အလေးချိန်များ လျော့နိုင်သမျှ လျော့အောင် ဆောင်ရွက်သွားရန်၊ မူလဂန္ဓကုဋီတိုက်တွင် ထောက်ထားသော ကျွန်းတိုင်လုံးကြီးများ၏ ကြံ့ခိုင်မှုကို မပြတ်စစ်ဆေးသွားရန်၊ မူလဂန္ဓကုဋီတိုက်ကြီးအား ငုံ၍ဆောက်ထားသော အထွတ် ပြာသာဒ်ဆောင်တွင် နံရံများအက်ကြောင်းထင်နေမှုအား ကျွမ်းကျင်အင်ဂျင်နီယာအဖွဲ့၏ အကြံပြု ချက်ဖြင့် ပြန်လည်ပြုပြင်သွားရန်၊ ပြာသာဒ်ဆောင်ပေါ်မှ ထီးဘုံဆင့်များကို ကရိန်းနှင့် ချနေမှုအား အန္တရာယ်မရှိအောင်ချ၍ ထီးတော်၏ မူလပုံသဏ္ဌာန်အတိုင်း အောက်တွင် စနစ်တကျထားရှိသွားရန်၊ ဘုရားကြီးပြုပြင်မှုအား အဆင့်တိုင်းတွင် ကျွမ်းကျင်အင်ဂျင်နီယာအဖွဲ့နှင့် တာဝန်ရှိသူများထံ တင်ပြပြီး အရှည်တည်တံ့ကြံခိုင်ရေးအတွက် ဦးတည်ဆောင်ရွက်သွားရန် မှာကြားပြီး ဘုရားကြီး ပြုပြင်မွမ်းမံရန်အတွက် ဂေါပကအဖွဲ့ထံ အလှူငွေများ ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်ကြီးတံခွန်မြို့နယ်ရှိ မြဝတီသီလရှင် စာသင်တိုက်သို့ ရောက်ရှိပြီ ကျောင်းထိုင်ဆရာကြီး ဒေါ်ပညာဝတီနှင့်တွေ့ဆုံကာ ငလျင်ဒဏ် ခံစားရမှုများကို မေးမြန်ခဲ့ပြီး ဆွမ်းကွမ်းကိစ္စများ အခက်အခဲမဖြစ်ပေါ်စေရေး တိုင်းဒေသကြီး သာသနာရေးမှူးမှတစ်ဆင့် အစိုးရအဖွဲ့သို့ တင်ပြပေးရန်၊ ငလျင်ဒဏ်သင့် အဆောက်အအုံများ စနစ်တကျ ဖယ်ရှားရှင်းလင်းရေးကို ဆက်လက်တင်ပြပေးနိုင်ရေး တာဝန်ရှိသူများကို လမ်းညွှန် မှာကြားခဲ့ပြီးနောက် ကျောင်းတိုက်အတွက် နဝကမ္မအလှူငွေ လှူဒါန်းခဲ့ပါသည်။ ထို့နောက် ငလျင် ဒဏ်သင့် အဆောက်အအုံများကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ ကျောင်းတိုက်မှ ပြန်လည်ထွက်ခွာ ခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ချမ်းအေးသာစံမြို့နယ်၊ ၈၂ လမ်း၊ ၃၃x၃၄ လမ်းကြားတွင် တည်ရှိသည့် မြို့မနှစ်ခြင်းအသင်းတော်ဘုရားကျောင်း(မေရီဘုရားရှိခိုးကျောင်း)သို့ ရောက်ရှိခဲ့ပါသည်။ မေရီဘုရားရှိခိုးကျောင်းသည် ၁၈၈၇ ခုနှစ်က တည်ဆောက်ခဲ့သည့် ခရစ်ယာန် ဘာသာဝင်တို့ ခေတ်အဆက်ဆက် နှစ်ခြင်းဘုရားရှိခိုးကျောင်းအဖြစ် အသုံးပြုခဲ့ကြပြီး ဘုရားကျောင်း အဆောက်အအုံမှာ မတ်စောက်သောခေါင်ရိုးဖြင့် တည်ဆောက်ထားပြီး လေးထောင့် ပုံသဏ္ဌာန် အုတ်တိုက်၊ သွပ်မိုးအဆောက်အအုံဖြစ်သည်။ ပထမအဆင့်တွင် လေးထောင့်ပုံ အုတ်နံရံ၊ အပေါ်ပိုင်း အဆင့်တွင် ခြောက်ထောင့်ပုံအုတ်နံရံဖြင့် တည်ဆောက်ထားပြီးအမိုးကို ခြောက်ထောင့်ပုံ အမိုးဖြင့် တည်ဆောက်ထားကာ ခေါင်းလောင်းစင်အား ခေါင်ချွန်ဖြင့် တည်ဆောက်ထားပါသည်။ ရှေးဟောင်း အဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေအရ ၂၀၂၂ ခုနှစ်က ရှေးဟောင်းအဆောက် အအုံအဖြစ် သတ်မှတ်ထားပါသည်။ ငလျင်ကြောင့် ခေါင်းလောင်းစင်အထက်ပိုင်းနှင့် ခန်းမဆောင် အချို့နေရာများ ထိခိုက်ပျက်စီးပါသည်။ ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်ထား သောကြောင့် ဌာနမှလိုအပ်သော အကြံဉာဏ်များကို ပေးထားပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ကျွမ်းကျင်လုပ်သားများအား စေလွှတ်၍ ဘုရားကျောင်းရန်ပုံငွေမှ ကျခံကာ ဌာနက ကြီးကြပ်ပြုပြင်ထိန်းသိမ်းပြီး အလှူငွေများပေးအပ်ကာ သက်ဆိုင်သော တာဝန်ရှိ သူများအား လိုအပ်သည်များ မှာကြားခဲ့ပါသည်။
နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပင်းယဂူကြီးသုံးလုံးသို့ ရောက်ရှိခဲ့ပါ သည်။ ဥဇနာမင်း (အေဒီ ၁၃၂၂-၁၃၄၂) လက်ထက်တွင် တည်ထားခဲ့သော ပင်းယဂူကြီး သုံးလုံးသည် ဂူကြီး၊ ဂူပြောက်နှင့် လက်ထုပ်ဂူ တို့ဖြစ်ပါသည်။ ဂူကြီးများအတွင်းတွင် ဆင်းတုတော် (၄)ဆူ ထည့်သွင်းပူဇော်ထားသည်ကို တွေ့ရပါသည်။ ပင်းယဂူကြီးသုံးလုံးအနက် တောင်ဆုံးဂူသည် အရှေ့ဘက်၌ အာရုံခံထုတ်ထားပြီး ကျန်(၃)ဘက်၌ ရာမလက်ညိုး၊ စိန်တောင်၊ မုခ်တံကဲပါ ဝင်ပေါက်(၃) ပေါက်ပါရှိပြီး အလယ်မဏ္ဍိုင် ထောက်ပင့်ထားသည့် လိုဏ်ပတ်လမ်းပါဂူဘုရားဖြစ်ပါ သည်။ အလယ်ဂူသည် မုခ်တံကဲဝင်ပေါက် (၄)ပေါက်ပါရှိပြီး ဂူအတွင်း၌ နံရံဆေးရေးပန်းချီများ ရေးဆွဲထားပါသည်။ မြောက်ဆုံးဂူသည် အရှေ့လှည့် အာရုံခံတန်ဆောင်းထုတ်၍ အရပ်လေးမျက်နှာ၌ မုခ်တံကဲ ဝင်ပေါက်(၄) ပေါက်ပါရှိပြီး အလယ်မဏ္ဍိုင်နှင့် လိုဏ်ပတ်လမ်း ပါရှိသည့် ဂူဘုရားတစ်ဆူ ဖြစ်ပါသည်။ ဂူဘုရား(၃)ဆူ၏ အပြင်ဘက်ပိုင်းတွင် ဇာတ်ရုပ်စဉ့်ကွက်များဖြင့် တန်ဆာဆင်ထား ပါသည်။ ဗိသုကာလက်ရာဟန်မှာ ပုဂံခေတ်နှောင်းပိုင်း ပင်းယခေတ်၏ ဗိသုကာလက်ရာဟန်ကို တွေ့ရှိရပါသည်။ ပုဂံခေတ်နှောင်းပိုင်း ပင်းယခေတ်၏ ဗိသုကာလက်ရာဟန်များနှင့် နံရံပန်းချီများ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ဌာနမှကျွမ်းကျင် ဝန်ထမ်းများ စေလွှတ်၍ ထိခိုက်ပျက်စီးသော အစိတ်အပိုင်းများအား ထိန်းသိမ်းဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပင်းယခေတ် ပထမဦးဆုံးမင်းဖြစ်သော တစ်စီးရှင် သီဟသူမင်း အေဒီ ၁၃၁၂ တွင် ပင်းယမြို့တည်စဉ် တစ်ချိန်တည်းတည်ခဲ့သည့် သတ္တဌာနဝင် ရွှေစည်းခုံစေတီတော်ကြီး ထိခိုက်ပျက်စီးမှုမှာ အလွန်ကြီးမား များပြားသဖြင့် ငလျင်ဒဏ်ကြောင့် တစ်ဆူလုံး အက်ကွဲပျက်စီးသွားမှုကို ကြည့်ရှုစစ်ဆေးပြီး အပျက်အစီးများ ဖယ်ရှားရာတွင် အန္တရာယ် မရှိအောင် အထူးဂရုပြုဆောင်ရွက်ကြရန် ပြန်လည်ပြုပြင်ရာတွင်လည်း သံကူကွန်ကရစ်များ အသုံးပြု၍ ကြံ့ခိုင်သောဒီဇိုင်းကို ကျွမ်းကျင်အင်ဂျင်နီယာများနှင့်တိုင်ပင် ရေးဆွဲ၍ ငလျင်ကြီးများ ဒဏ်ခံနိုင်သည့် ပုံစံမျိုးတွက်ချက်ရေးဆွဲ ဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်နှင့်အဖွဲ့သည် ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်ရှိ မဟာစန္ဒာမုနိစေတီတော်သို့ ရောက်ရှိပြီး စေတီတော်ကို ဖူးမြော်ကြည်ညိုပါသည်။ ဘိုးတော်ဘုရားသည် သတ္တဌာနဝင် မင်္ဂလာကန်တော်ကို သက္ကရာဇ် ၁၁၄၆ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး မင်းကွန်းအရပ်တွင် သံကိုသွန်းသော ဆင်းတုတော်ကြီးကို သွန်းလောင်းပြီး စန္ဒာမုနိဟုအမည်သမုတ်၍ ကိန်းဝပ်စံပယ်တော် မူရန် စေတီတော်ကို မရှေးမနှောင်းတည်ခဲ့သည်ဟု ခန့်မှန်းရပါသည်။ ထိုစန္ဒာမုနိသံသွန်း ဆင်းတုတော်ကြီးကို ကုသိုလ်ရှင်ဘိုးတော်ဘုရားက အမရပူရမြို့တော်၏ အနောက်မြောက်ဘက် တမ္ပဝတီအရပ်တွင် အသီတိရဟန္တာ အုတ်လိုဏ်ဂူ ၈၀ ပတ်ရံ၍ ကြီးစွာသော မဟာရာမ်တံတိုင်း အလယ်၌ အုတ်စိန်တောင်ငါးဆင့်ခံ၍ စေတီတော်ကိုတည်ဆောက်ပြီး စေတီတော်၏ အရှေ့ဘက် ကပ်လျက် အာရုံခံဂန္ဓကုဋီ ရွှေပြာသာဒ်တော်၌ ကိန်းဝပ်စံပယ်စေခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများကို စနစ်တကျ ဖယ်ရှားရှင်းလင်းရန်၊ ဘုရားကြီးအား အလှူရှင်ဖြင့် ပြန်လည်ပြုပြင်ရာတွင် ရေရှည်ခိုင်ခံ့အောင် သံကူကွန်ကရစ်များပါ ထည့်သွင်း တည်ဆောက်ရန်၊ ဌာနမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး ဘုရားကြီးပြုပြင်ရန် အလှူငွေများ လှူဒါန်းခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှင်လွန်းမယ်ဘုရားသို့ ရောက်ရှိခဲ့ပါသည်။ မိဖုရားရှင်လွန်းမယ်သည် ဘိုးတော်ဘုရားနှင့် ကုသိုလ်ဆက်ကောင်းမှုအဖြစ် စန္ဒာမုနိစေတီတော်၏ မြောက်ဘက်တံတိုင်းနှင့်ဆက်၍ တင့်တယ်သပ္ပာယ်သော ဘုရားတစ်ဆူကို တည်ခဲ့ပြီး လေးကျွန်း ပတ်ရံသော မြင့်မိုရ်တောင်၏ အဓိပ္ပါယ်ကိုဆောင်သော ပုံစံထူးခြားသည့် စေတီတော်ဖြစ်ပါသည်။ ငါးဆူတော်ဘုရားဟု ဘွဲ့တော်တွင်စေသည်မှာ ကုလားကျောင်းခံစေတီပေါက်နှင့် မုခ်ပေါက်များတွင် ဆင့်ကဲစေတီပေါက်များ ငါးဆူအပြိုင်တည်ထားသဖြင့် ငါးဆူတော်ဘုရားတွင်သည်ဟု ယူဆရကြောင်း၊ ထိုဘုရားတည်ရှိရာ တမ္ပဝတီရပ်ကွက်နေ ပြည်သူအများသည် ငါးဆူဘုရားဟုလည်းကောင်း၊ ရှင်လွန်းမယ်ဘုရားဟုလည်းကောင်း ယနေ့တိုင် ခေါ်တွင်နေကြဆဲ ဖြစ်ပါသည်။ ငလျင်ကြောင့် ပျက်စီးမှုများ စနစ်တကျရှင်းလင်းရန်၊ ပြန်အသုံးပြုနိုင်သည့်ပစ္စည်းများ၊ အုတ်ချပ်များကို ပြန်လည် အသုံးပြုနိုင်အောင် ခွဲခြားစုစည်းထားရန်၊ ထိန်းသိမ်းပြုပြင်ရာတွင် နောင်ဖြစ်ပေါ်လာနိုင်သည့် ငလျင်အပါအဝင် သဘာဝဘေးအန္တရာယ်များပါ ကာကွယ်နိုင်ရန် ထည့်သွင်းစဉ်းစားတွက်ချက်၍ အရည်အသွေး စံချိန်စံညွှန်းကောင်းမွန်စွာ ပြုပြင်သွားရန် မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အင်းဝစတုတ္ထနန်းတည် ဘကြီးတော်ခေါ် စစ်ကိုင်းမင်းလက်ထက် နောက်ဆုံးခန့်ထားခဲ့သော မြေစွန်းဝန်ဘုရားသို့ ရောက်ရှိခဲ့ပါသည်။ မြေစွန်းဝန်စေတီတော်မှ ဖောင်းရစ်များ၊ ရင်ဖွဲ့တော်အောက်မှ ဘီလူးပန်းကိုက်များ၊ မဟာရာမ်တံတိုင်း အပြင်အဝင်မုခ်ဦးမှ ခြင်္သေ့ကြီးများ၏ ပုံသဏ္ဌာန်ဟန်ပန် အနေအထားများသည် ဘကြီးတော်မင်း
လက်ထက် ဗိသုကာလက်ရာအရစောမည်ဟု သုံးသပ်ရပြီး ယခင်ရှိခဲ့သော ရှေးဟောင်းဘုရားကို မြေစွန်းဝန်က ပြန်လည်ပြုပြင်ခဲ့သည့် ဘုရားဖြစ်ပါသည်။ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများကို စနစ်တကျ ဖယ်ရှားရှင်းလင်းရန်၊ ဘုရားကြီးအား အလှူရှင်ဖြင့် ရှေးမူမပျက် ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ဌာနမှဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး ဂေါပက အဖွဲ့ထံ အလှူငွေများ လှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သားတော်ရဘုရားသို့ ရောက်ရှိခဲ့ပါသည်။ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးကို အောင်မြင်စွာ ပင့်နိုင်ခဲ့ပြီးနောက် ရွှေပြာသာဒ်တော်ကို အုတ်တိုက် ဂန္ဓကုဋီခံ၍ တံတိုင်းသုံးထပ်ဖြင့် တည်ဆောက်သောအခါ ဗဒုံမင်း၏ တောင်ရွှေရေးဆောင် မိဖုရား နှင့် သားတော်သည် ယခုနေရာတွင် ယာယီစံအိမ်တော် ဆောက်လုပ်နေထိုင်ကာ လိုက်ပါ ကုသိုလ်ယူ ကြသည်။ ဂန္ဓကုဋီ ရွှေကျောင်းတော်ကြီး တည်ဆောက်နေစဉ် စံမြန်းရာ ယာယီစံအိမ်တော်ဝင်း အတွင်းပြိုပျက်နေသည့် ဘုရားငုတ်တိုကုန်းကိုမြင်ပြီး ပြန်လည်တည်ထားခွင့်ပြုရန် ဘုရင်ကြီးထံ အခွင့်တောင်းခံရရှိသဖြင့် အမရပူရခေတ်ဟန် လိုဏ်ခံကွမ်းတောင်ပေါက်စေတီတော် ပြန်လည် တည်ထားခဲ့သည်။ မင်းသားလေး ခေတ္တစံမြန်းနေထိုင်ခဲ့ရာ အိမ်တော်ရာနေရာတွင် တည်ထားသဖြင့် သားတော်ရာဘုရားဟု အလွယ်ခေါ်ကြရာမှ သားတော်ရဘုရားဟု အမည်တွင်ခဲ့ပါသည်။ ထိခိုက် ပျက်စီးမှုများအား ထိန်းသိမ်းရေးဆောင်ရွက်ရာတွင် နောင်ဖြစ်ပေါ်လာနိုင်သည့် သဘာဝ ဘေးအန္တရာယ်များပါ ခံနိုင်ရည်ရှိသည့် ဒီဇိုင်းကိုထည့်သွင်းစဉ်းစားတွက်ချက်၍ အရည်အသွေး စံချိန်စံညွှန်းမီ ပြုပြင်သွားရန်မှာကြားခဲ့ပြီး ဘုရားကြီးအားပြုပြင်ရန် ဂေါပကထံ အလှူငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

