၁။ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသတွင် ၂၀၂၁ ခုနှစ်က မိုးသည်းထန်စွာရွာသွန်းမှုနှင့် ၂၀၂၃ ခုနှစ် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရှေးဟောင်းအဆောက်အအုံ များ၏ ပရိဝုဏ်အတွင်းနှင့် ပတ်ဝန်းကျင် တို့တွင် ရေကြီးရေလျှံမှုများ၊ ရေဝပ်မှုများနှင့် ရှေးဟောင်းအဆောက်အအုံများ ထိခိုက်ပျက်စီးမှု ရှိခဲ့ပါသည်။
၂။ ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်၍ မိုးရေကြီးမှု ဖြစ်ပွားခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ၁၅-၅-၂၀၂၃ ရက်နေ့မှ ၁၆-၅-၂၀၂၃ ရက်နေ့အထိ ပုဂံဒေသခရီးစဉ်အတွင်း “ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ရေကြီးရေလျှံမှုများ ထပ်မံမဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဆည်မြောင်း ဦးစီးဌာနနှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ စသည့် ဌာနများ ပါဝင်သောအဖွဲ့ကို ဖွဲ့စည်း၍ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရန်” လမ်းညွှန် မှာကြားခဲ့ပါသည်။
၃။ အီတလီနိုင်ငံ University of Marche မှ ရှေးခေတ်ရေစီမံခန့်ခွဲမှု ကျွမ်းကျင်ပညာရှင် (Hydrology Expert) ဖြစ်သည့် Prof; Dr.Massimo Sarti အား ဖိတ်ကြား၍ ပုဂံခေတ် ရေလမ်းကြောင်းများ၊ ရေလာရိုးများ ပြန်လည်ဖော်ထုတ်သုတေသနပြုခြင်း၊ ထိန်းသိမ်းခြင်းလုပ်ငန်း များကို ၂၀၁၉ ခုနှစ်မှ ယနေ့ထိ ကွင်းဆင်းဆောင်ရွက်လျက် ရှိပါသည်။ ပုဂံခေတ်ရေလမ်းကြောင်း သုတေသနလုပ်ငန်းများနှင့်ပတ်သက်၍ Prof; Dr. Massimo Sarti သည် ပုဂံဒေသသို့ ၂၀၁၉ ခုနှစ်မှ ယနေ့အထိ (၅)ကြိမ် လာရောက်ခဲ့ပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ဆက်စပ် ဌာနများနှင့် ပူးပေါင်းဆွေးနွေးခြင်း၊ ကွင်းဆင်းလေ့လာခြင်း၊ နည်းပညာဆိုင်ရာဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီး ၎င်းပညာရှင်၏ အကြံပြုချက်များအား ဦးစားပေးအလိုက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှ စတင်၍ ဆောင်ရွက်လျက် ရှိပါသည်။
၄။ ၎င်းပညာရှင်၏ အကြံပြုချက်များအနက် ပုဂံဒေသအတွက် ရေတွင်း၊ ရေကန်၊ ချောင်း၊ အင်း စသည်တို့နှင့် ပတ်သက်၍ အသုံးချမှုအလိုက်အဆင့် Grading (Identified) ခွဲခြားရန်၊ အသေးစိတ် လေ့လာဆန်းစစ်မှု (Detail Assessment) ထပ်မံပြုလုပ်ရန်၊ လေ့လာဆန်းစစ်မှု (Assessment) ပြုလုပ်ရာတွင် ရေဝင်ရေထွက်လမ်းကြောင်းများပါသော မြေပုံရေးဆွဲခြင်း၊ ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာဒေသ (Property Area, PA) နှင့် ကြားခံဒေသ (Buffer Area, BA)တို့ အတွင်းရှိ သဘာဝ ရေကန်၊ ဆည်၊ ချောင်းများ ပြန်လည် ဖော်ထုတ်ထိန်းသိမ်းခြင်း၊ ပုဂံဒေသ၏ မြေမျက်နှာသွင်ပြင် အနေအထားကို ဖော်ပြထားသည့် Topographic Map (1 meter Interval) ဆောင်ရွက်ပြီး ဆက်လက်၍ ပုဂံဒေသ၏ မြေမျက်နှာသွင်ပြင် အနေအထားကို အသေးစိတ် ဖော်ပြနိုင်သော မြေပုံ Detail Topographic Map (0.25 meter Interval) ရေးဆွဲခြင်းလုပ်ငန်းကို ဦးစားပေးအပိုင်းလိုက် တိုင်းတာပြုစုရန် စသည့်လုပ်ငန်းများကို ရေကြီးရေလျှံ ဖြစ်ပွားခဲ့သည့် နေရာများ၊ ဘုရားများ အတွက် ဦးစားပေးအလိုက် ခွဲခြားဆောင်ရွက်ရန်စသည်ဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်၊ UNESCO ၏ အကြံပြုချက်နှင့် ရှေးခေတ်ရေစီမံခန့်ခွဲမှု ကျွမ်းကျင်ပညာရှင် (Hydrology Expert) ဖြစ်သည့် Prof; Dr. Massimo Sarti ၏ အကြံပြုချက် တို့ကို အကောင်အထည်ဖော်ရန်အတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ကျောက်စာမှတ်တမ်း အထောက်အထား များကို အခြေခံ၍ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ရေကန်များကို ကွင်းဆင်းမှတ်တမ်းစာရင်း ကောက်ယူခဲ့ရာ ရေကန် (၁၀၆) ကန်ကို စာရင်းပြုစုနိုင်ခဲ့ပါသည်။ အဆိုပါရေကန် (၁၀၆)ကန် အနက်မှ ရေကန် (၁၂)ကန်သည် ဘုရားစေတီတံတိုင်းဝင်းအတွင်း၊ ဘုန်းတော်ကြီးကျောင်းဝင်း အတွင်း၊ ဟိုတယ်ဝင်းအတွင်းနှင့် အစိုးရဌာနဆိုင်ရာဧရိယာအတွင်းတို့တွင် တည်ရှိပါသည်။ တစ်ဖန် ၂၀၂၃-၂၀၂၄ ခုနှစ်ကလည်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် (၃)ကန်အား တူးဖော် ထိန်းသိမ်းခြင်း ဆောင်ရွက်ပြီးဖြစ်သဖြင့် ဆက်လက်တူးဖော် ထိန်းသိမ်းရန် (၉၁)ကန် ကျန်ရှိနေပါ သည်။
၅။ တူးဖော်ထိန်းသိမ်းရန် ကျန်ရှိသည့် ရေကန်(၉၁)ကန်အား အပိုင်း (၂) ပိုင်းခွဲခြား၍ ပြန်လည် တူးဖော်ထိန်းသိမ်းရန် လျာထားဆောင်ရွက်လျက်ရှိပါသည်။ ပထမအဆင့် (၄၆) ကန်နှင့် ဒုတိယ အဆင့်(၄၅)ကန် သတ်မှတ်ပြီး ပြန်လည် တူးဖော်ကန်ဆယ်ခြင်းလုပ်ငန်းများကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကုန်မှစ၍ ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ပထမအဆင့် (၄၆) ကန်တွင် ပထမဦးစားပေး (၁၁)ကန်၊ ဒုတိယဦးစားပေး (၁၁) ကန်၊ တတိယဦးစားပေး (၁၂)ကန်နှင့် စတုတ္ထဦးစားပေး-၄ (၁၂)ကန်တို့ကို လျာထားသတ်မှတ်ထားပြီး စီမံချက် များရေးဆွဲ၍ ဦးစားပေးအလိုက် ပြန်လည်တူးဖော် ကန်ဆယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
၆။ ပထမအဆင့် (၄၆) ကန်အနက် (၄၅)ကန်မှာ အလှူရှင်ရှိပြီး အလှူရှင်မရှိသေးသော ရေကန် (၁)ကန်သာ ကျန်ရှိပါသည်။ ဒုတိယအဆင့် (၄၅) ကန်တွင်လည်း ပထမဦးစားပေး (၁၂)ကန်၊ ဒုတိယဦးစားပေး (၁၁) ကန်၊ တတိယဦးစားပေး (၁၁) ကန်နှင့် စတုတ္ထဦးစားပေး (၁၁) ကန်ဟူ၍ ခွဲခြား ထားရာ အလှူရှင်ရရှိပြီးသော ရေကန် (၉) ကန်ရှိပြီး အလှူရှင်မရရှိသေးသော ရေကန် (၃၆) ကန် ကျန်ရှိပါသည်။
၇။ ပထမအဆင့် (၄၆) ကန်၏ ပို့ကျနေသော နုန်းများကန်ဆယ်ခြင်း၊ တူးဖော်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ၁၀၀% ဆောင်ရွက်ပြီးစီးသော ရေကန် (၁၂)ကန်နှင့် ဆောင်ရွက်ဆဲ ရေကန် (၉) ကန်ရှိပြီ ဖြစ်ပါသည်။
၈။ သို့ဖြစ်ရာ ပထမအဆင့် (၄၆) ကန်မှ အလှူရှင်မရှိသေးသော ရေကန် (၁)ကန်နှင့် ဒုတိယ အဆင့်(၄၅) ကန်မှ အလှူရှင်မရရှိသေးသော ရေကန် (၃၆)ကန်၊ စုစုပေါင်း ရေကန်(၃၇)ကန်တို့အား တူးဖော်ကန်ဆယ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများတွင်တစ်နိုင်ငံလုံးမှ အလှူရှင်များမှ တစ်ဦးချင်း သော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း သဒ္ဓါတတ်အား နည်းများမဆို ကုသိုလ် ပါဝင်လှူဒါန်းနိုင်ပါရန်နှင့် ကုသိုလ်ပါဝင် လှူဒါန်း လိုပါက အောက်ပါလိပ်စာများကို ဆက်သွယ် လှူဒါန်း နိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်အပ်ပါသည်-
(က) ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲ၊ ၃၂ ဒီ၊
၆ မိုင်ခွဲ၊ ပြည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း – ၀၉ ၅၀၆၁၈၃၂
(ခ) ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊
ဖုန်း – ၀၉ ၂၅၉၁၄၅၆၅၁
(ဂ) ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ နေပြည်တော်။
ရုံးအမှတ်(၃၅)၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်ကောင်စီနယ်မြေ။
ဖုန်း-၀၆၇-၃-၄၀၈၄၅၁
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန






