
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံ သည် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင် နှင့် တာဝန်ရှိသူများလိုက်ပါလျက် (၇.၁.၂၀၂၂) ရက်နေ့ နေ့လယ်ပိုင်းတွင် ပုဂံယဉ်ကျေးမှုအမွေအနှစ် ဒေသအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဒုတိယဝန်ကြီး ဦးထွန်းအုံနှင့် အဖွဲ့သည် ပုဂံရှေးဟောင်းသုတေသနပြတိုက်တွင် (၁၃.၁၂.၂၀၂၁) ရက်နေ့မှ (၁၄.၁.၂၀၂၂) ရက်နေ့အထိ ဖွင့်လှစ်ပို့ချလျက်ရှိသည့် ပထဝီသတင်း အချက်အလက်စနစ် နည်းပညာဆိုင်ရာ Geographical Information System – (GIS) သင်တန်းသို့ သွားရောက်စစ်ဆေးခဲ့ပြီး သင်တန်းတက်ရောက်နေသော ဦးစီးဌာန အောက်ရှိ ဌာနခွဲ၊ ဌာနစုများမှ သင်တန်းသား ကျား(၁၁)ဦး၊ မ(၅)ဦး၊ စုစုပေါင်း(၁၆)ဦး တွေ့ဆုံ၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ သုတေသနလုပ်ငန်းများကို အထောက်အပံ့ပြုနိုင်မည့် မြေပုံရေး ဆွဲခြင်းလုပ်ငန်းများ အဆင့်မြှင့်တင်ရန်နှင့် ရှေးဟောင်းသုတေသန နှင့် ပထဝီဝင်ဆိုင်ရာသတင်း အချက်အလက်အထောက်အထားများစုစည်းမှုစနစ်တစ်ခုကို ထူထောင်နိုင်ရန် ရည်ရွယ်၍ GIS သင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့အမွေအနှစ်တင်သွင်းရေးလုပ်ငန်းစဉ်များနှင့် အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းစဉ်များ၌ ပိုမိုထိရောက်စွာ လက်တွေ့အသုံးချ ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊ သင်တန်းများ တစ်ခုပြီးတစ်ခုဖွင့်လှစ်နိုင်ရန် လျာထားပါကြောင်း၊ ယခု GIS သင်တန်းသည် ခေတ်နှင့်ကိုက်ညီသည့် သင်တန်းဖြစ်၍ ဌာနအတွက် အကျိုးရှိသကဲ့သို့ သင်တန်းသားများအတွက်လည်း အတတ်ပညာတစ်ရပ်တတ်မြောက်ခြင်းဖြစ်၍ အကျိုးရှိသဖြင့် အလေးအနက်ထား သင်ယူသွားကြရန်လိုကြောင်း၊ မိမိဌာနခွဲ၊ ဌာနစုများသို့ ပြန်ရောက်ရှိပါက လက်တွေ့အသုံးပြုနိုင်ရေးဆောင်ရွက်သွားကြရန် လိုကြောင်း မှာကြားခဲ့ပါသည်။


